အဝေးရောက်အချစ် (LDR)

By 2:35 PM




တစ်ယောက်နဲ့ တစ်ယောက် အဝေးမှာရှိနေပြီး ချစ်ရတာက လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အနေဝေးရင် သွေးအေးတယ်ဆိုတဲ့ စကားလည်းရှိတယ်မဟုတ်လား။  ဒီကြားထဲ တစ်ယောက်နဲ့ တစ်ယောက် မတွေ့ရတော့ သံသယလေးတွေ ဝင်တတ်ပြန်ရော။

 တစ်ယောက်တစ်နေရာစီ ရှိနေရတဲ့ ချစ်သူတွေ အတွက် အကွာအဝေး ဆိုတဲ့ ရန်သူတော်ကြီးကို ကို အောင်မြင်စွာ တွန်းလှန်နိုင်ဖို့ လိုအပ်တဲ့ သော့ချက်လေးတွေ ကို ဝေမျှလိုက်ပါတယ်ရှင်။


နီးခြင်း ဝေးခြင်း

"တကယ်တော့ ဒီလူကို ကိုယ်တကယ်ချစ်ရင်  အကွာအဝေးဆိုတာ နံပါတ် တစ်ခုပါပဲ။" စစ်တမ်းတစ်ခုမှာ အနေဝေးတဲ့ စုံတွဲတွေဟာ အတူရှိတဲ့ လူတွေထက် ဖောက်ပြန်တဲ့ ရာခိုင်နှုန်း ပိုများမနေပါဘူး။ ဆိုလိုတာက တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်ချစ်တယ်၊ တန်ဖိုးထားတာနဲ့ပဲ ဆိုင်ပါတယ်။



အချိန်ပေးပါ

ချစ်တယ်ဆို အချိန်နည်းနည်းဖဲ့ပေးပါ။ ကိုယ့်နားနေချိန်ထဲကဖြစ်ဖြစ်ပေါ့။ အခုခေတ်မှာ ပိုက်ဆံ သိပ်မကုန်ပဲ အသံကြားချင်တယ်ဆို viber ရှိတယ်၊ ရုပ်မြင်ချင်တယ်ဆို skype လည်းရှိတယ်။ အရင်ကလို အဝေးမှာနေရတာ မခက်ခဲလှပါဘူး။ အချိန်မရရင်လည်း missed call လေး အပြန်အလှန်ပေး။ သတိရတဲ့အခါဖုန်း logထုတ်ကြည့်ရတာ  ကြည်နူးစရာ တစ်ခုပါပဲ။


အမုန်းတွေ မသိမ်းပါနဲ့

ရန်မဖြစ်ဖူးတဲ့ စုံတွဲရယ်လို့မရှိပါဘူး။ အနည်းနဲ့ အများတော့ဖြစ်ကြတာပါပဲ။ ရန်ဖြစ်ပြီးသွားတဲ့ အခါ၊ ရန်ဖြစ်တုန်းက သူ ပြောခဲ့တဲ့ စကားတွေကို မေ့လိုက်တာကောင်းပါတယ်။ စိတ်ဆိုးတုန်းက သူပြောခဲ့တာတွေကို တနုံ့နုံ့နဲ့ ပြန်ခံစားနေရင် ရန်ဖြစ်တစ်ခါဖြစ်တိုင်း အစိုင်အခဲ တိုးတိုးလာမှာပါ။ သူနဲ့ပတ်သက်လို့ ကိုယ့်အပေါ် ကောင်းခဲ့တာလေးတွေ ပြန် စဉ်းစားပြီး ၁ က ပြန်စလိုက်ပါနော်။


အမှတ်တရလေးတွေ ဖန်တီးပါ

လက်ဆောင်လေးတွေ ပို့လို့ရသလို၊ သူ့အတွက် အလွမ်းပြေ video file လေးတွေ လုပ်ပေးလို့ရတယ်။ နောက်မြတ်ကြည်တို့ဆို ဒီနေ့ ကြက်ဆီထမင်း ချက်မယ်ဆို ချက်နည်းကို youtube ကကြည့်၊ နှစ်ယောက်အတူတူချက်ပြီး ဓာတ်ပုံရိုက်ပြီး facebook တင်ကြတယ်။ နှစ်ယောက်နာမည်နဲ့ လှူတာတို့၊ birthday ကိတ်အတူတူခွဲတာတို့ကလည်း အမှတ်ရစရာပါ။



သံသယတွေ လျှော့ပါ

 တစ်ယောက်နဲ့ တစ်ယောက် အဝေးမှာမို့လို့ စိတ်မချရဘူး ရယ်လို့ မရှိပါဘူး။နဂိုတည်းက မတည်ငြိမ်တဲ့သူက ဝေးဝေး နီးနီး ဖောက်ပြန်ချင်ရင် ဖောက်ပြန်မှာပါပဲ။ ယုံကြည်မှု မရှိတဲ့ relationship က ဆီမထည့်ထားတဲ့ ကားပေါ် ဝင်ထိုင်နေရသလိုပါပဲ။ ကားပေါ်မှာသာရှိတာ။ ဘာ ခရီးမှ မတွင်ပါဘူး။ နှစ်ယောက်အချစ်ကို တန်ဖိုးထားတယ်ဆို စောင့်ထိန်းသင့်တာတွေ သူစောင့်ထိန်းပေးမှာ မို့လို့ ယုံကြည်မှု အတိုင်းအတာ တစ်ခုထိ ထားပေးလိုက်ပါနော်။


ပွင့်လင်းပါ

 တစ်ယောက်နဲ့ တစ်ယောက်တွေ့ရချိန်တွေနည်းတော့ တွေ့ရင် စိတ်ချမ်းသာစရာလေးတွေပဲ ရွေးပြောချင်ကြမှာပါပဲ။ သူနဲ့ ရန်ဖြစ်ရမှာစိုးလို့ ကိုယ်က မပြောဘဲထားတဲ့ အရာတွေ က တခါတလေ အကြီးအကျယ် ဒုက္ခပေးတတ်ပါတယ်။ ပြော ပြလိုက်လို့ စိတ်ဆိုးရင် အချိန်တစ်ခုထိပဲ ခံရမှာ။ ကိုယ်ကမပြောပဲ သူ့ဘာသာ တခြားက ပြန်သိရင် သူ့အပေါ် လျှို့ဝှက်ထားတဲ့ တခြားအရာတွေများရှိဦးမလား ဆိုပြီး သူလည်း စိတ်မဖြောင့်တော့ဘူး။ ယုံကြည်မှုဆိုတာ တစ်ခါ ကြေပြီးရင် အကောင်းတိုင်းပြန့်ဖို့ သိပ်မဖြစ်နိုင်တဲ့ စက္ကူပါး တစ်ရွက်လိုပဲ။



 ဖန်တီးယူပါ

 Long distance relationship မှာ လည်း သူ့အချိန်အတိုင်းအတာနဲ့ သူရှိပါတယ်။ မတွေ့တော့တာ ကြာတဲ့ အခါ အေးတိအေးစက်နိုင်လာတာ အမှန်ပါပဲ။ ဒီ အခြေအနေ မှာပဲ ကျေနပ်ရင် ဇာတ်မျောကြီး နဲ့ပဲ အဆုံးသတ်သွားမှာပါ။ လက်ထပ်ဖို့အထိ ရည်ရွယ်ထားတယ်ဆို တချိန်မှာ အတူရှိနေဖို့ ကြိုးစားရမှာပါပဲ။ လက်ထပ်ဖို့ အဆင်မပြေသေးတဲ့ အခိုက်မှာလည်း တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် တွေ့နိုင်ဖို့ ကြိုးစားသင့်ပါတယ်။ ကျောင်းပိတ်တဲ့ အခါ သွားတွေ့တာမျိုးပေါ့။


အကောင်းမြင်ပါ

 အခုချိန် ခဏဝေးရတာဟာ တချိန်မှာ အမြဲတူတူရှိနိုင်ဖို့ဆိုတာလေး မှတ်ထားရင် စိတ်အတွက် ခွန်အားဖြစ်စေမှာပါ။ ဘယ်သူမဆို ဘယ်ခွဲနေချင်ပါ့မလဲနော်။ ဒါပေမယ့် ဝေးနေတဲ့ အချိန်မှာ ခိုင်မြဲတဲ့ အချစ်ဟာ ပိုတန်ဖိုးရှိပါတယ်။ သူ တကယ် ချစ်မချစ် စမ်းသပ်ဖို့ အခွင့်အရေး ဘုရားကပေးတာလို့လည်း မှတ်လို့ရတာပါပဲ။း)



 မြတ်ကြည်တို့လည်း long distance နဲ့ အချိန်အကြာကြီး ဖြတ်သန်းခဲ့ပါတယ်။ အခုလည်း ဖြတ်သန်းနေရတုန်းပါပဲ။ Long distance နဲ့ အထူးဇွဲဆု ဆွတ်ခူးမယ့် သူတွေလေ။ :P

သာယာ ပျော်ရွှင်ဖွယ် နေ့ရက်တွေကို ချစ်ရသူနဲ့ အတူ ဖြတ်သန်း နိုင်ကြပါရှင်။
www.facebook.com/thanakharmay




You Might Also Like

12 comments

  1. အကုန်မှန်တယ် ..။ တကယ်ချစ်ရင် အကွာအဝေးက သိပ်အရေးမပါတော့ပါဘူး..။ ချစ်တာနဲ့အမျှ အခွင့်အရေးပေးလာတာနဲ့ နီးစပ်ဖို့ ကြိုးစားလာကြမှာပဲလေနော်..။

    ReplyDelete
    Replies
    1. ဟုတ်တယ် စနိုးရေ။ မြတ်ကြည်တို့လည်း ဒီလိုပဲ ကြိုးစားနေရတယ်။

      Delete
  2. အကွာအဝေးကြောင့်ဘဲဖြစ်ဖြစ်ဘာကြောင့်ဘဲဖြစ်ဖြစ်လက်မထပ်ရသေးခင်ပြောင်းလဲသွားတတ်တဲ့အချစ်ဟာခံစားရပေမဲ့ကိုယ့်ကိုကိုယ်ပြန်လည်ထူထောင်ဖို့ အချိန်တစ်ခုပေးဆပ်ပြီးရင်အဆင်ပြေပြေနေတတ်သွားတာပါဘဲ။
    အရေးကြီးတာတစ်ခုက..လက်ထပ်ပြီးရင်ပါ။
    လက်ထပ်ပြီးရင်တော့ မိသားစုအတူနေနိုင်အောင်ကြိုးစားတာအကောင်းဆုံးပါ။
    မမြင်နိုင်တဲ့ကံကြမ္မာကြောင့်သူ့ ကြောင့် ရာခိုင်နှုန်း ပြည့်မဟုတ်ပေမဲ့လည်း မှားယွင်းဖို့ လွယ်ကူတဲ့ဝန်းကျင်အခြေအနေအခွင့်အလန်းကတွန်းပို့ ရင်အချိန်တိုလေးအတွင်းမှာ
    ရင်နာစရာတွေမမျှော်လင့်ဘဲဖြစ်လာတတ်ပါတယ်။ (သူငယ်ချင်းတစ်ယောက်ရဲ့ အတွေ့ အကြုံကိုမျှဝေခံစားခဲ့ရဘူးတယ်)
    အိုင်အိုရာ

    ReplyDelete
    Replies
    1. အစ်မပြောသလိုပဲ၊ အိမ်ထောင်ကျပြီးရင် တစ်ယောက်နဲ့ တစ်ယောက်က အကြာကြီး ခွဲမနေတာ အကောင်းဆုံးပဲ။

      Delete
  3. မြတ်တို့လည်း အရင်က long distance relationship တုန်းကဆိုရင် ညတိုင်း ဗိုင်ဘာနဲ့ ဖုန်းခေါ်တယ် အနည်းဆုံးတော့ ၁ နာရီလောက် ကြာတယ် :)
    မျက်နှာမြင်ရဖို့တွေ နေ့တိုင်းတွေ့ရဖို့တွေက အဓိက မကျပါဘူးရှင့် အဓိက က နှစ်ယောက်စလုံးရဲ့ စိတ်ပါပဲ
    သံသယဆိုတာကလည်း အမြဲတမ်းထားလို့မကောင်းဘူး ကိုယ်ချစ်လို့ လက်ခံထားတဲ့ ချစ်သူတစ်ယောက်ကို ယုံကြည်မှု၊ နားလည်မှုတော့ ရှိသင့်ပါတယ်
    တစ်ချိန်မှာ လက်ထပ်ဖို့သေချာတဲ့ချစ်သူတွေက တစ်ယောက်နဲ့တစ်ယောက်လည်း ပွင့်လင်းဖို့ လိုအပ်တယ်
    ဒါမှသာ တူနှစ်ကိုယ် ဘ၀ခရီးလမ်းကို သံသယကင်းစွာ ယုံကြည်စိတ်ချစွာ အတူတကွ လျှောက်လှမ်းနိုင်မှာပါရှင် ...
    အစ်မမြတ်ကြည်ရေ ဖိုက်တင်းနော် ဇွဲဆုယူဖို့ .. :P :)

    ReplyDelete
    Replies
    1. ကျေးဇူး ညီမလေး။ ဖိုက်တင်း! :D

      Delete
  4. အင်း ဖောက်ပြန်မယ့်သူကနီးနီးဝေးဝေးဖောက်ပြန်မှာပဲ....
    relationshipဆိုတာကိုယ့်အတွက်တော့ ပြန်မတွေးချင်တဲ့အရာ...:(
    ဒါပေမယ့်အချစ်အကြောင်းတွေဖတ်ရရင်တော့ရင်ခုန်သံကမြန်မြန်လာတယ် :P

    ReplyDelete
    Replies
    1. အဘယ်ကြောင့်မြန်မြန်လာသနည်း? :P

      Delete
    2. သူများတွေက သူများရှေ့မှာသိပ်သိပ်ချစ်ပြနေကြတာကိုလို့ :P

      Delete
  5. လာလည်​ပြီးစာ​တွေဖတ်​သွားတယ်​​နော်

    ReplyDelete