လမ်းခွဲခြင်း တစ်ခုရဲ့ နောက်ဝယ်

By 1:17 AM


လမ်းခွဲတယ် ဆိုတာ ဘယ်ဘက်ကကြည့်ကြည့် အနည်းနဲ့ အများတော့ ခံစားရတာပါပဲ။ ပျော်ပျော်ရွှင်ရွှင်နဲ့ လမ်းခွဲတယ် ဆိုတာ မရှိသလောက် ရှားပါတယ်။

နှစ်ဦးနှစ်ဘက်မှာ အခွဲခံရတဲ့ သူ ဘက်က ပိုပြီး ခံစားရပါတယ်။ " ငါ သူ့ အပေါ် ဒီလောက်ချစ်တာ၊ ငါ့ကို လုပ်ရက်လိုက်လေခြင်း" စိတ်မကောင်းဖြစ်မိတာရယ်၊ ဒေါသရယ်၊ မာနရယ် ပေါင်းပြီး ပို ခံစားကြရပါတယ်။




မြတ်ကြည်လား?
လမ်းခွဲခံရတဲ့သူရော၊ လမ်းစခွဲတဲ့သူရော ဖြစ်ခဲ့ဖူးတယ်။ :)


လမ်းခွဲခံရပြီဆို --


ဖြတ်တဲ့သူကို သေချာ စဉ်းစားပြီးမှ ပြောတာ ဟုတ်မဟုတ်ပြန်မေးပါ။ ပြင်ဆင်သင့်တာ ပြင်ပေးမယ် ပြန် စဉ်းစားဖို့ရှိ မရှိမေးပါ။ မရှိဘူးဆို ဘယ်လောက် ခံစား ခံစား "လက်ခံတယ်" တစ်ခွန်း ပြောပြီး အဆက်သွယ် ဖြတ်လိုက်ပါ။

( နေနိုင်မှာတော့ မဟုတ်ဘူး ထင်တယ်။ :D ဒါပေမယ့် နေကြည့်ကြည့်ပါနော်။ )

တခါတလေ လူတွေက လိုက်လေ ပြေးလေ ဖြစ်တတ်တာမို့ ကိုယ့်ဘက်က တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းလိုက်တဲ့ အခါ သူ တကယ် ပြတ်နိုင်ပါလားဆိုပြီး ကိုယ့်အပေါ် ပြန် တွယ်တာ သွား ကြပါတယ်။ ကိုယ့်ဆီ ပြန်မလာရင်တောင် အနည်းဆုံး ကိုယ် သူ့ အတွက် စဉ်းစားပေးပါလား " ဆိုတဲ့ အတွေး လေး သူ့ဆီရောက် သွားမှာပါ။


သူ့ကို ပိုချစ်လား? ကိုယ့်ကိုယ်ကို ပိုချစ်လား?


သူ့ကို ပိုချစ်တယ်ဆို သူ စိတ်ချမ်းသာဖို့ အတွက် ဦးစားပေးလိုက်ပါ။ ဘယ်သူမဆို ကိုယ့်ချစ်သူ ပျော်ရွှင်တာကို မြင်ချင်တဲ့ သူတွေ ချည်းပါပဲ။

ကိုယ့်ကိုယ်ကို ပိုချစ်တယ်ဆိုလည်း ကိုယ့်ကို မချစ်တော့တဲ့ သူ တစ်ယောက် အတွက် ဘာလို့ ခံစား၊ ဖြည့်ဆည်းပေးနေတော့မလဲ? အဆိုးရွားဆုံးခံစားချက်က ကိုယ့်ချစ်သူ ကိုယ့်ဘေးနားမှာရှိနေပေမယ့် သူ့စိတ်က ကိုယ့်ဆီမှာ မရှိတာပါ။

ဘာပဲ ပြောပြော နောက်ဆုံးတော့ ဒီလမ်းပါပဲ။ :D



ရှောင်ရှား ၄ ချက်




"သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်မည် ခိုင်"

လမ်းခွဲပြီးစ အချိန်မှာ အဲလိုသာ လုပ်ရင် ပို၍သာ ကြေကွဲ။ ဘာလို့ဆို ကိုယ်မှ သူ့အပေါ် ခံစားချက်တွေ မကုန်သေးတာ။ ပြန်ပြီး ကြိုးစားချင်တဲ့ စိတ်တွေ တဖွားဖွား ဖြစ်လာဦးမှာပဲ။ ဟိုဘက်ကတော့ ပြတ်ပြီဆိုမှတော့ စိတ်နိုင်လို့ ဖြတ်တာ၊ အရင်လို ဂရုစိုက်မှု၊ နွေးထွေး ကြင်နာမှုတွေ ပေးမှာ မဟုတ်တော့ပါဘူး။ အဲဒီတော့ ဘယ်သူခံစားရမလဲဆိုတော့ ကိုယ်ပဲ ခံစားရမှာ။

 ပြီးတော့ ကိုယ့်ချစ်သူက တခြားမိန်းကလေး တစ်ယောက်ကို စိတ်ဝင်စားနေပြီလို့ ပြောတဲ့အခါ ကိုယ်ခံနိုင်ရည်ရှိမှာလား? သူ့နဲ့ ကိုယ် ဆက်ပြီး ခင်ချင်သေးတယ်ဆိုရင် နောက်ပိုင်း ခံစားချက်တွေ သွေးအေးသွားတဲ့ အချိန်မှ သူငယ်ချင်းဖြစ်တာ အကောင်းဆုံးပါ။

၁၀ မိနစ် ခြား တစ်ခါ ဖုန်းဆက်ခြင်း၊ တစ်နေ့တည်း မက်ဆေ့ဂ်ျ အစောင် ၅၀ ပို့ခြင်း

ဘယ်သူမဆို ကိုယ်မပြောချင်တဲ့သူတွေဆီက ဖုန်းတွေ တစ်ဂွမ်ဂွမ်၊ မက်ဆေ့ဂ်ျတွေ တတီတီ လာရင် စိတ်ကသိကအောက်ဖြစ်တာ အမှန်ပါပဲ။ ကိုင်လိုက်ရင် ကြေကွဲ၊ သတိရ၊ ဘယ်လိုခံစားနေရတဲ့ အကြောင်း တွေကို ပဲထပ်ခါတလဲလဲ။ အဲလို လုပ်လေ စိတ်ရှုပ်လေ။ ဂရုဏာ သက်မိရင်တောင်မှ အဲဒီလိုလုပ်မျိုး ဆက်တိုက်လုပ်ရင် သူ့ကို စိတ်ကုန်သွားစေမှာပါပဲ။

အသည်းကွဲပြခြင်း

ကိုယ်ကြေကွဲတာကို လူသိခံတာ ကိုယ်ပျော့ညံ့တယ်ဆိုတဲ့ အကြောင်းကြေညာတာနဲ့ အတူတူပါပဲ။ ဥပမာ၊ အသည်းကွဲလို့ အရက်စိမ်တာတို့၊ လက်ကို ဓားနဲ့ မွှန်းတာတို့။ တဇွတ်ထိုး လျှောက်လုပ်တာ နစ်နာရင် ကိုယ်ပါပဲ။ သူကိုယ့်ကို အဲဒါတွေ ကြောင့် ပြန်လက်ခံတယ်ထားဦး၊ အဲဒါက သနားချစ်ပါ။ သနားချစ်ဆိုတာ အဲဒီလူကို မသနားတော့ရင် အဲဒီအချစ်လည်း ကွယ်ပျောက်သွားတာပါပဲ။

နောက်ရည်းစား တစ်ယောက် ကောက်ထားခြင်း

မခံချင်စိတ်နဲ့ ဒီတစ်ယောက် ဖြတ်သွားလို့  နောက်တစ်ယောက်ရှာပြီး တွဲပြမယ်။ ကိုယ်ချစ်တာမချစ်တာ အသာထား။ ကိုယ်မချစ်ပဲနဲ့ ဟန်ဆောင်တွဲမှာလား? နောက်တစ်ယောက်အတွက်လည်း မကောင်းပါဘူး။

 အကယ်၍ ကိုယ့်တစ်ယောက်က ကိုယ့်ဆီ ပြန်လှည့်ချင်လာမယ်ဆိုတောင် ကိုယ်က ရည်းစားကြီးနဲ့ ဖြစ်နေရင် သူ့ဘက် က ပြန်လာဖို့ စဉ်းစားရလိမ့်မယ်။ သူနဲ့ ခဏဝေးတဲ့ အခိုက်အတန့်မှာ ဒီလို ဖြစ်သွားရင် ပြန်ယုံကြည်လို့ ရပါ့မလား အတွေးဝင်သွားရော။



စိတ်သည်သာ အဓိက


ကိုယ့်ကိုယ်ကို ပျော်အောင်နေပါ။ သူငယ်ချင်းတွေနဲ့ အချိန်ပေးပါ။ သူတားမြစ်လို့  ကိုယ်လုပ်ချင်ပေမယ့် ချုပ်တည်းခဲ့တာတွေ ဒီအချိန်မှာ လုပ်လို့အကောင်းဆုံးပါပဲ။ ဒါပေမယ့် ကိုယ် နစ်နာစေမယ့် အကြောင်းတော့ မဟုတ်ဘူးနော်။ Single ဖြစ်တာရဲ့ အကောင်းဆုံး အချက်က ကိုယ်လုပ်ချင်တာကို  ဘယ်သူ့ကိုမှ ငဲ့စရာမလိုတာပါ။




သူမရှိလည်း ကိုယ့်ကိုယ်ကို ရပ်တည်နိုင်တယ်ဆိုတာ သက်သေပြပါ။ အချစ်ဆိုတာ ဘဝရဲ့ အစိတ်အပိုင်း တစ်ခုပါ။ သူ ကိုယ့်ဘဝထဲ မရှိခင်တုန်းက ကိုယ် ရပ်တည်နိုင်ခဲ့သလို သူ မရှိ လည်း ရပ်တည်နိုင်မှာပါပဲ။

လွမ်းစရာရှိရင် နာစရာနဲ့သာ ဖြည် လိုက်ပါ။ လူတိုင်းဟာ ကိုယ့်မျက်ရည်နဲ့ မတန်ပါဘူး။ ကိုယ့်မျက်ရည်နဲ့ တန်တဲ့သူဟာလည်း ကိုယ့်ကို ဘယ်တော့မှ ငိုအောင်မလုပ်ပါဘူး။

အကောင်းမြင်ပါ။ သူ့ထက် ကိုယ့်အပေါ် ကောင်းတဲ့သူ၊ ဘယ်တော့မှ ထားမသွားတဲ့ သူ တွေ့နိုင်ပါသေးတယ်။ ကိုယ်နဲ့ မကိုက်တဲ့သူနဲ့ တောင် ဒီလောက် ပျော်ရွှင်ခဲ့ရရင်၊ ကိုယ့်ရဲ့ တကယ့် လက်တွဲဖော်တွေ့လာရင် ဒီထက် ပိုပြီး ပျော်ရွှင်ရမှာပါ။  အဲဒီအခါကျရင် ကိုယ် ရူးခဲ့တာတွေ ပြန်တွေးပြီး ပြုံးမိသွားမှာပါ။




ကြိုတင်ကာကွယ်ခြင်း


အမှန်တကယ်တော့ လမ်းခွဲကျမှ ပြန်ရအောင် လိုက်လုပ်ရတာ၊ ပိုပင်ပန်းလှပါတယ်။ ပြန်လည် relationship ထူထောင်ရတာ၊ ပြတ်ပြီးသားကြိုး ပြန်ဆက်ရသလို တစ်ယောက်နဲ့ တစ်ယောက်ကြား အဖုအထစ်တွေ ရှိမှာ ကျိန်းသေပါပဲ။ တစ်ယောက်ရဲ့စိတ်ထဲမှာ ဘယ်အချိန် သူငါ့ကို ထားသွားမလဲ စိတ်ထင့်နေတတ်သလို၊ နောက်တစ်ယောက်ရဲ့ စိတ်ထဲမှာ ငါသူ့ကို ရက်စက်ထားတာ၊ ဘယ်အချိန်ငါ့ကို လက်စားချေမလဲ ဆိုတဲ့ အတွေး ရှိကြတတ်ပြန်ပါတယ်။

လမ်းမခွဲခင်  အက်ကွဲကြောင်း အရိပ်အရောင် စသန်းနေပြီဆို ကိုယ်သူ့ကို မခွဲနိုင်ဘူးဆိုရင် ညှိသင့်တာညှိ ပြင်သင့်တာပြင်၊ စိတ်လည်လာအောင် ကြိုးစားတာ အကောင်းဆုံးပါပဲ။

....................


ဒီစာလေးက မြတ်ကြည် မြင်ဖူး၊ ကြုံဖူး ခဲ့ရတဲ့ လမ်းခွဲခြင်းတွေ၊  ပတ်ဝန်းကျင်က အဖြစ်အပျက်လေးတွေကို သင်ခန်းစာယူပြီး ဆောင်းပါးတစ်ပုဒ် အနေနဲ့ ရေးလိုက်တာပါ။ အသည်းကွဲခံရသူများအတွက် အားဆေးတစ်ခွက် ဖြစ်မယ်လို့ မျှော်လင့်ပါတယ်ရှင်။

တွေးဆဆင်ခြင်နိုင်ကြပါစေ။ :)


You Might Also Like

25 comments

  1. -သူ့ကိုပိုချစ်လား?ကိုယ့်ကိုပိုချစ်လား? (ကိုယ့်ကိုကိုယ်ပဲပိုချစ်ပါတယ်)
    - သူငယ်ချင်းလိုပဲဆက်၍ခေါ်မည် ခိုင် (သူငယ်ချင်းလိုလဲမခေါ်တော့ပါ.လောကကြီးမှာသူဟာမရှိတော့ဘူးလို့ကိုသဘောထားလိုက်ပါတယ်..ဒါမှမလိုလားအပ်တဲ့ လူမှုရေးအရှုပ်အထွေးတွေကင်းမှာမို့ပါ)
    - ၁၀ မိနစ်ခြားတစ်ခါဖုန်းဆက်ခြင်း၊ မက်ဆေ့ခ်ျအစောင်(50)ပို့ခြင်း
    (လုံးဝမလုပ်ပါ...ဆက်သွယ်ရေးလိုင်းများညံ့ဖျင်းခြင်း၊ ဖုန်းတစ်ခါခေါ်လျှင် တစ်မနစ်(50)ကျပ်၊ မက်စိတစ်စောင်လျှင် 25 ကျပ်ကုန်တာမို့..လုံးဝ(လုံးဝ)မလုပ်ပါ)
    -အသည်းကွဲပြခြင်း
    (အဲလိုပေါကြောင်ကြောင်အလုပ်လဲမလုပ်ပါ..ဘော်ဒါများနဲ့လဖေ့ရေဆိုင်မှာ ဝေဖန်လေကန်ငြင်းခုန်ခြင်း၊ မနက်စောစောထလမ်းလျှောက်ထွက်ခြင်း၊ ညနေပိုင်း ရေသွားကူးခြင်း၊ သီချင်းဆိုခြင်း အဲဒါတော့လုပ်ပါတယ်)
    - နောက်ရည်းစားတစ်ယောက်ကောက်ထားခြင်း
    (တစ်ယောက်ထဲနဲ့တင်...တစ်ခါဆက်ဆံ..နောက်လက်လန် မို့သူ့ဖက်ကတစ်ဖက်သတ်ဖြစ်နေရင်တော့..ဥပေက္ခာပြုထားပါတယ်....(ဖြစ်ချင်တာကိုပြောတာ...ဟီး)
    -စိတ်သည်သာအဓိက
    (ထိုအတွက်ကြောင့် စိတ်အကျဉ်း(၈၉)ပါး၊ စိတ်အကျယ်(၁၂၁)ပါးကိုသိနိုင်ရန်.အဘိဓမ္မာသင်တန်းကိုလဲတက်ရောက်ပြီးဖြစ်ပြီမို့..စိတ်ထားတတ်သွားပါသည်)
    - ကြိုတင်ကာကွယ်ခြင်း
    (အကောင်းဆုံးကာကွယ်ခြင်းကတော့..မိန်းကလေးနဲ့တွေ့ရင်မိန်းကလေးစိတ်လိုသဘောထားလိုက်ပါ..သနားခြင်း၊ ညှာတာခြင်း၊ ကူညီပေးခြင်း၊ ပွားခြင်း၊ ကျူခြင်း၊ အီခြင်း တို့ကိုလဲ.မိမိကိုယ်ကို ကမ္ဘာ့မသန်မစွမ်းဆုံးလူသား၊ ဒေ၀ါလီခံထားရသော ကမ္ဘာ့အမွဲဆုံးအဆင်းရဲဆုံးလူသားအဖြစ်သတ်မှတ်ထားဖို့.သတိအမြဲရှိပါလေ)
    တွေးဆဆင်ခြင်နိုင်ကြပါစေ..:P

    ReplyDelete
  2. အိမ်ထောင်သည် ဖြစ်သွားတဲ့အခါကျတော့လည်း ဒါမျိုးလေးတွေ ပြန်တွေးကြည့်ရင် ကြည်နူးစရာပါလား....

    ReplyDelete
  3. တွတ်တွတ်တို့ ပေါက်ကွဲနေပါရော့လား.. :D
    ညီမ မြတ်ကြည်ရေ ချစ်သူသက်တမ်း ၅လမှာပဲ
    ချစ်သူကငြီငွေ့တယ်လို့ အပြောခံရရင်ဘာဆက်လုပ်သင့်လဲ ဖြေပေးနော် တကယ်သိချင်လို့ ဆရာတင်တယ် :)

    ReplyDelete
  4. အစ်မကတော့ အစတွေ ဆွဲထုတ်နေပြီ
    ကျွန်တော်လည်း အခု လမ်းခွဲခြင်း ခံထားရတယ်
    ချစ်သူသက်တမ်းက 6 လ ပဲရှိသေးတယ်
    ဖြတ်လိုက်တဲ့ လှတယ်
    သံယောဇဉ်ကို အချစ်လို့ ထင်မိတာပါ တဲ့
    ကျွန်တော် ဘာမှ complain မတက်ဘဲ
    As you like လို့ ပြောလိုက်ပါတယ်
    ကျွန်တော် နောင်တမရမိဘူး
    စိတ်လည်းမနာမိဘူး
    ကျွန်တော် သူ့ကို အရမ်းချစ်လို့
    သူ့ဆန္ဒကို လိုက်လျောပေးတယ်လို့
    မှတ်ယူလိုက်တယ်
    အခုတော့ မေ့နိုင်အောင်
    နည်းမျိုးစုံနဲ့ ကြိုးစားနေတယ်
    ကျွန်တော့်ကို မချစ်တော့တဲ့သူကို
    မတမ်းတနေတာ ကောင်းပါတယ်နော်

    ReplyDelete
  5. မခံစားနိုင်ဘူးအေ...း))

    ReplyDelete
  6. ဂလောက် လိမ်မာပြီး ဘာမဆို အသိလွတ်မသွားဘဲ အကောင်းဆုံး ဆင်ခြင်နိုင်တဲ့ သမီးလေးမျိုး လိုချင်ထှာ...း)

    ReplyDelete
  7. အသည်းကွဲချိန်မှာ ခံစားရပေမယ့် အချိန်က ကုစားသွားမှာပါ

    ReplyDelete
  8. တယောက်နဲ့ တယောက် အကြောင်း အကျိုး မညီညွတ်လို့ စိတ်သဘောထားခြင်း မတိုက်ဆိုင်လို့ လမ်းခွဲကြတာ ဘယ်သူမဆို ခံစားကြရမှာဖြစ်ပေမယ့် လိုအပ်တာထက် ပိုပြီး ကျွံမသွားခင် လမ်းခွဲရတာက ကောင်းပါတယ်လေ...း)

    ReplyDelete
  9. ပြတ်သွားပြီး သူငယ်ချင်းအဖြစ်ဆက်ဆံတာက
    ထားခဲ့တဲ့လူဘက်က..
    သူထားခဲ့ပေမယ့် သူ့ကို မမုန်းစေချင်ဘူး.. သူကလည်း ထားခဲ့သေး.. သူ့ကိုမခေါ်ပဲ ထားမှာမလိုချင်တာကြောင့် အတ္တကြီးတာ..

    ထားခဲ့ခံရတဲ့လူက လုံးဝ အဆက်ဆ့မလုပ် ပြတ်ပြတ်သားသားနေကို နေရမယ်.....((ဟမ်))
    တခါတလေကျ ထားခဲ့ခံရတဲ့လူကလည်း သဘောထားကြီးတယ် ဖြစ်ချင်တာမျိုး၊ ဒါမှမဟုတ် နင်ထားခဲ့လည်း ငါအေးဆေးပါ ..အရင်လိုပဲ လို့ ပြချင်တာမျိုးကြောင့် သူငယ်ချင်းအဖြစ် ဆက်၍ ခေါ်မည် လုပ်ကြတာမျိုး မြင်ဖူးတယ်...။ ဆက်ပြီး မဆက်ဆံသင့်ဘူးလို့ ယူဆပါတယ် (မဖြစ်မနေ အလုပ်သဘောရှိရင် မှ အပ)) ။


    ဆရာကြီး ဝင်လုပ်သွားသော pifpif

    ReplyDelete
  10. တကယ်မှတ်သားလောက်တယ်မျက်ကျိ .. အစောက မန့် တာမရဘုးထင်လို့ ပြန်မန့် တာ .. သူငယ်ချင်းတွေ လမ်းခွဲထားတဲ့လူအသစ်စက်စက်တွေ မျှလိုက်တယ်နော် ..

    ReplyDelete
  11. ကော်မန့်တွေ အတွက် ကျေးဇူးပါနော်။

    အစ်မ လမင်းရေ၊

    ကိုယ့်ချစ်သူ ကိုယ့်အပေါ် ငြီးငွေ့တယ်ဆိုတာက အကြောင်း ၂ ချက်ဖြစ်နိုင်ပါတယ်။ မချစ်တော့လို့ ငြီးငွေ့တာနဲ့၊ စိတ်လေစရာတွေရှိနေလို့ ငြီးငွေ့တာရယ်။ ခွဲခြားသိဖို့ဆို အချိန် ၄ ရက် ၅ ရက် လောက် ယူပြီး အဆက်အသွယ် မလုပ်ပဲ နေကြည့်ပါ။ ပြန်ဆက်သွယ်တယ်ဆို အစ်မကို ချစ်တာ မကုန်သေးပါဘူး။ သူ့အတွက် အံ့အားသင့်စရာ တစ်ခုခုလုပ်ပေးတာတို့၊ ရယ်စရာမောစရာတွေ၊ အရင်စတွေ့ခဲ့ကြတဲ့ အချိန်ကို ပြန်ပြောတာတို့၊ ဒါမှမဟုတ် သူ့အမြင်မှာ အသစ်အဆန်း ဖြစ်အောင် ပုံစံပြောင်းကြည့်ပါ။
    အစ်မလမင်း ချစ်သူနဲ့ အမြန်ဆုံး ပြန်လည် သင့်မြတ်နိုင်ပါစေနော်။

    ReplyDelete
  12. ဒီလိုမျိုးဆောင်းပါးလေးတွေဖတ်လို့အရမ်းကောင်းတယ်
    အချိန်ရှိရင် များများရေးနော်...

    ReplyDelete
  13. မြတ်ကြည်က ဒါမျိုးလည်း ကျွမ်းတယ် :D :D
    တကယ်ကောင်းတဲ့ အကြံပြုချက်တွေပဲ :D

    ReplyDelete
  14. သူငယ်လို့ပဲဆက်ခေါ်ခဲ့ရတဲ့ ခိုင်တွေ များနေပြီ မြတ်ကြည်ရေ။

    ReplyDelete
  15. အရမ်းကိုစိတ်ဝင်စားဖို့ကောင်းတယ်မြတ်ကြည်လေးရေ
    သေသေချာချာကိုဖတ်သွားတယ် ..
    သဘောကျတာတော့မက်စေ့အစောင်၅၀ ပဲး))

    ချစ်တဲ့အမဒိုးကန်

    ReplyDelete
  16. ကာတွန်းလေးသဘောကျလို့ထိုင်ရီမိတယ်...
    အသည်းကွဲဖူးတဲ့သူငယ်ချင်းတွေအများကြီးကြုံဖူးတယ်.....
    ကိုယ်တော့တစ်ခါမှမကွဲဖူးသေးဘူး.. (အဖြတ်မခံရသေးဘူးဆိုပါတော့)...း)
    တစ်ယောက်တည်းကိုပုံအောချစ်ပြီး အဲတစ်ယောက်က ချန်ထားရင်တော်တော်ခံရခက်တယ်လို့ပြောကြတယ်..
    အချို့ကလည်း ကိုယ့်နောက်ကွယ်မှာဖောက်ပြန်နေတာ ကို သိရတာ ပိုခံရခက်တယ်ပြောတယ်..
    အမျိုးမျိုးဘဲ..း)

    ReplyDelete
  17. ကျေးဇူးပါ လတ်လတ်ဆတ်ဆတ်ပဲသိလား
    မနေ့ည ၁၁နာရီကမှ စကွဲတာ့
    အားဆေးတစ်ခွက်ပါပဲ ကျေးဇူးပါ မြတ်မြတ်ရေ့

    ReplyDelete
  18. မြတ်ကြည်လေးက အဖက်ဖက်ကကို တော်နေတော့တာပါပဲ..
    :)

    ReplyDelete
  19. မမရေ ကွဲရလွန်းလို့ကို ကွဲစရာကို မရှိတော့ပါဘူး မမရဲ့ အကြံပြုချက်တွေက တော်တော်ကောင်းပါတယ် မမကို မေးချင် ရင်ဖွင့်ချင်တာလေးတွေရှိပါတယ် မမရေ ရနိုင်မလားမသိဘူးနော် ပြန်ဖြေပေးပါ

    ReplyDelete
  20. facebook ရှိရင် လှမ်းပြီးmessage ရိုက်မေးလို့လို့ရပါတယ်။အတတ်နိုင်ဆုံး ကြိုးစားဖြေပေးပါမယ်နော်။ :)

    ReplyDelete
  21. အစ်မပြောတာတွေအားလုံးမှန်တယ်.။ မှန်တာကိုလည်းကျွန်တော်သိတယ်.။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ထပ်ညာနေပါရစေနော်..။

    ReplyDelete
  22. လမ်းခွဲခြင်းဟာ ဘယ်လိုလမ်းခွဲခြင်းမျိုးမှ မကောင်းပါဘူးရှင်။
    ဒါပေမဲ့ မဖြစ်သာလို့ ခွဲကြရတယ် ဆိုရင်တော့ ဒီပိုစ့်ပါ အချက်အလက်လေးတွေက အားဆေးတစ်ခွက်လိုပါပဲ။

    ReplyDelete
  23. If it was happen after marriage, what u want to say?

    ReplyDelete
    Replies
    1. Will you be happy staying beside a person who does not love you?

      Delete
  24. လမ်းခွဲခြင်းဟာ ဘယ်လိုလမ်းခွဲခြင်းမျိုးမှ မကောင်းပါဘူး....... တစ်ယောက်တည်းကိုပုံအောချစ်ပြီး အဲတစ်ယောက်က ချန်ထားရင်တော်တော်ခံရခက်,မယ်.,,,,, မခံစားနိုင်ဘူးရှင်..........:'(

    ReplyDelete