Work with colors

By 4:20 PM

အရောင်နှင့် လုပ်ငန်းခွင်

ကိုယ့်လုပ်ငန်းခွင်မှာ ဝတ်ထား ဆင်ယင်ထားတဲ့ အရောင်တွေဟာ ဖက်ရှင်တို့၊ စတိုင်လ် တို့ထက်ပိုတဲ့ အဓိပ္ပါယ်တွေ ဆောင်ထားကြပါတယ်လို့  How to make a Million Dollar Impression ရေးသားသူ Lynda Goldman ကဆိုပါတယ်။ အရောင်တွေဟာ မိမိတို့ တောင်မသိနိုင်ပဲ မသိစိတ်ကနေ ကိုယ့်ရဲ့ ခံစားချက် စိတ်အခြေအနေ ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့သတ်အခြေအနေကို ပြောင်းလဲစေနိုင်ပါတယ်တဲ့။


အောင်မြင်ခြင်း အဓိပ္ပါယ်ကို ဖော်ဆောင်တဲ့အရောင်။ အလုပ်ဝင် အင်တာဗျူးအတွက် navy ပြာရောင်က အကောင်းဆုံးပါတဲ့။ ဝတ်ထားရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေပါတယ်။ navy blue ဝတ်ထားရင် တခြားအရောင်တွေထက် အလုပ်ရနိုင်ချေ ပိုများပါတယ်။
သစ္စာရှိမှုဖော်ရွေမှုတို့ကို ဖော်ပြပါတယ်။ ဒါကြောင့်လည်း အပြာကို logo သုံးတဲ့ ကုမ္ပဏီတွေ အများကြီးရှိနေတာဖြစ်ပါတယ်။ ဥပမာ။ ။facebook တို့ IBM တို့ပေါ့။

သြဇာရှိပြီး ကိုယ့်ကို လုပ်ဖော်ကိုင်ဖက်တွေ၊ အထက်လူကြီးတွေ အရောင်နဲ့တင် လန်သွားစေချင်ရင် အနီရောင်ကိုဝတ်ဆင်ပါ။ ကိုယ့်ကို ထင်းခနဲ လင်းခနဲ သတိထားမိစေ၊ အထင်ကြီးစေပြီး powerful ဖြစ်စေတဲ့ အသွင်ဆောင်ပါတယ်။ အနီရောင်ကို ကြပ်ကြပ်ထုပ်ထုပ်နဲ့ တရားလွန်ကြီးမဆင်မိဖို့တော့ သတိထားရပါမယ်။ အနီရောင်က ပုရိသတွေရဲ့ စိတ်ကို လှုံ့ဆော်နိုင်တဲ့ အရောင် ဖြစ်လို့ပါတဲ့။


အလုပ်ထဲမှာ သူလိုကိုယ်လိုပဲ နေချင်သူလား။ အရောင်မှိုင်းမှိုင်းတွေ ရွေးဝတ်ပါ။ ဥပမာ။ ။မီးခိုရောင်၊ ကာကီရောင်၊ အသားရောင်။ Fashion Network Experts တည်ထောင်သူ Sheila Dicks က အလုပ်မှာ ကိုယ့်ကိုချည်းပဲ အာရုံစိုက်၊ ကိုယ့်ကိုပဲ အပိုအလုပ်တွေ ဖိခိုင်းနေရင် အရောင်တောက်တောက်တွေ ခဏဖယ်ပြီး အမှိုင်းတွေဝတ်ဆင်ပါတဲ့။ တခြားလူတွေနဲ့ ရောသွားလို့ ကိုယ့်တယောက်တည်း အခိုင်းခံရတဲ့ ပြဿနာမှ လွတ်ကင်းသွားပါလိမ့်မယ်။ 

အမဲရောင်ဝတ်ရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသွားပြီး စမတ်ကျ သွားတယ်လို့ ထင်ကြပါလိမ့်မယ်။ ဒါပေမယ့် တခါတလေမှာ အမဲရောင်ဟာ တသီးတသန့်ပဲ နေထိုင်လိုတဲ့အသွင် ဖြစ်နေတာကို သတိထားမိဖို့လိုပါတယ်။ confidence ကိုယ့်ကိုယ်ပဲရှိစေပြီး သူများတွေ အမြင်ကြည်စေတဲ့ အရောင်တော့ မဟုတ်ပါဘူး။ အနက်ရောင်ဝတ်ထားရင် အကူအညီတောင်းရခက်တယ်တဲ့။ 

အခြား အရောင်လေး တွေအကြောင်းတော့ run through ပဲ ပြောပါတော့မယ်။

အဖြူရောင်

ကိုယ့်ကိုယ်မှာ အကူညီပေး သံလိုက်တပ်ထားသလိုမျိုးပါပဲ။ လုပ်ဖော်ကိုင်ဖက်တွေက အကူအညီတောင်းချင်တဲ့အခါ ကိုယ့်ဆီပဲ တဝဲဝဲတလည်လည်နဲ့ လာလုပ်ခိုင်းနေပါလိမ့်မယ်။ အဖြူရောင်ဝတ်တဲ့သူဆို အားကိုးချင်ကြတယ်။ အကူညီတောင်းလိုကြပါတယ်။ ဒါ့ကြောင့်လည်း ရှေ့နေတို့၊ ဆရာဝန်၊ ဆရာမ၊ သူနာပြုတို့ကို အဖြူရောင်ဆင်ပေးထားတာဖြစ်ပါတယ်။

အစိမ်းရောင်

အရောင်ရင့်တွေက လုပ်ရည်ကိုင်ရည်ရှိခြင်း၊ ရှေးရိုးဆန်ခြင်း၊ အဆင့်အတန်းရှိခြင်းကို ဖော်ပြပြီး ပိုလင်းတဲ့ အရောင်တွေက ပေါ့ပေါ့ပါးပါး သက်တောင့်သက်သာနေလိုခြင်း၊ သွက်လက်ခြင်းကို ဖော်ပြပါတယ်။


ပန်းရောင်

ပန်းရောင်ဟာ အမျိုးသမီးတွေချည်း ဝတ်တဲ့အရောင်မဟုတ်တော့ပါဘူး။ ပန်းရောင်ဝတ်ဆင်ခြင်းဖြင့် လွတ်လပ်ခြင်း၊ confidentရှိခြင်း၊ စွန့်စားလုပ်ကိုင်နိုင်ခြင်းနဲ့အတူ ပြောဆို ဆက်ဆံရလွယ်ခြင်း စတဲ့ အသွင်ကို ဆောင်ပါတယ်။ 

ခရမ်းရောင်

မြတ်ကြည် အကြိုက်ဆုံးအရောင်။ ခန့်ညားထည်ဝါမှု၊ ယုံကြည်စိတ်ချရပြီး လုပ်ရည် ကိုင်ရည်ပြည့်ဝတဲ့ သူအနေနဲ့ မြင်စေပါတယ်။ အမျိုးသမီးတွေ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး စိတ်ဓာတ်ကြံ့ခိုင်တဲ့ အသွင်ရချင်ရင် ခရမ်းရောင်ကို ဝတ်ဆင်ပါနော်။


အဝါရောင် 

အဝါရောင်ဟာ ဝတ်ထားသူကို ပျော်ရွှင်မှု ပေးသလို ဘေးကလူတွေကိုလည်းအပျော်ကူးစက်စေပါတယ်။ အစိမ်းဘက်သန်းတဲ့ အဝါရောင်တွေကတော့ ကိုယ့်ကို နာမကျန်းဖြစ်နေတဲ့ပုံပေါက်စေပါတယ်။

အညိုရောင်

လတ်တလော ဖက်ရှင်လောကမှာ အညိုရောင်ဟာ ခေတ်သစ်အနက်ရောင် (new black) ဆိုပေမယ့် fitting ကျကျ မဝတ်ဘူးဆို အားလူးသီးနဲ့ နင်လားငါလား ဖြစ်သွားစေပါတယ်။ သူ့အရောင်ကို ရွေးချယ်မယ်ဆို တခြားအရောင်စိုစိုလေးတွေနဲ့ တွဲဖက်ဝတ်ဆင်ပေးပါ။ သူ့ချည်းပဲဆို စကိုယ့်ကို ဘယ်သူ့မှ စိတ်ဝင်စားတော့မှာ မဟုတ်ပါဘူး။

ဒါက အရောင်နဲ့ ပတ်သက်လို့ အကြမ်းဖျင်းပြောပြထားတာပါ။ အရည်အချင်းသည်သာ အဓိကဆိုပေမယ့် အလုပ်အကိုင်ရှားပါးတဲ့ ခေတ်မှာ သူလိုကိုယ်လို အရည်အချင်းက မတိမ်းမယိမ်းရှိကြတာပါပဲ။ အလုပ် အင်တာဗျူးဖြေရင်ပဲဖြစ်ဖြစ် meeting ထိုင်ဖို့ပဲဖြစ်ဖြစ် ထင်းထွက်စေချင်သလား လိုက်လျောညီထွေဖြစ်ချင်သလား အရောင်များရဲ့အထောက်အပံ့လေးဟာ လုပ်ငန်းခွင်မှာ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်ရှင်။


You Might Also Like

2 comments

  1. ကိုယ်တို့ အကြိုက်တူတယ်။း)
    အိုင်အိုရာ

    ReplyDelete
    Replies
    1. စိတ်တူ ကိုယ်တူ တွေလေ အစ်မ :)

      Delete