အချစ်ကို ရှာဖွေရာဝယ်

By 7:07 PM




 မြတ်ကြည်တို့ မိန်းကလေးတွေတော်တော်များများက ကိုယ့်ကို နားလည်ပေးမယ့်သူ ကိုယ့်ကို ပျော်ရွှင်စေနိုင်မယ့်သူ တဘဝစာ တမြတ်တနိုး ချစ်နိုင်မယ့်သူ လိုချင်ကြတာချည်းပါပဲ။  ခက်တာက မှန်းထားသလို ဖြစ်မလာတာ။ (စိတ်ဓာတ်ကျအောင်ပြောတာ :P)

အခုနေဒီဆောင်းပါးလေးကို ဖတ်နေတဲ့ ပျိုမေတွေမှာလည်း  propose လုပ်ထားတဲ့ သူတွေ၊ သဘောကျတဲ့သူတွေရှိလို့ ချစ်သူ ထားသင့် မထားသင့် စဉ်းစားနေတဲ့သူတွေရှိကြမှာပါ။ ဘိုင်သဝေး သီတင်းလည်း ကျွတ်တော့မယ်။ ^__^
အဲလို စိတ်ကူးနေပြီဆို အဖြစ်မနေထည့်တွက်ရမယ့် ဒီအချက်လေးတွေ ဖတ်ကြည့်ပါနော်။



အချိန်ယူပါ။

ကိုယ့်ကို သဘောကျနေတဲ့ သူက ဘယ်လိုလူမျိုးလဲ? ဆုံးဖြတ်ချက်ဆိုတာ မြန်မြန်ချလို့ ကောင်းတဲ့ အရာထဲမှာမပါပါဘူး။ ရုပ်လေးသနားကမား၊ အပြောလေးကောင်းရုံနဲ့ လက်ခံဖို့မလုံလောက်ပါဘူး။ ကိုယ့်ကို ပြောတဲ့ စကား တခြား မိန်းကလေးတွေကိုလည်း ပြောချင်ပြောနေမှာလေ။ ယောက်ျားကတိစကား ဘယ်လောက်တည်လဲ၊ အပြောနဲ့ အလုပ်ညီလား ကြည့်ရမှာပေါ့။ ကိုယ့် အပေါ်ကို မဟုတ်ဘူးနော်။ သူများ အပေါ်ကို။ ကိုယ့်အပေါ်ဆိုရင်တော့ ကိုယ့်  အချစ် ရချင်လို့ ကောင်းတာတွေပဲ လုပ်ရင်လုပ်ပေးလိမ့်မယ်။ ဒါကို ကိုယ့်တစ်ယောက်တည်းအပေါ်ပဲ ကွက်ကောင်းတယ် မမြင်ပါနဲ့။ သူများအပေါ် မကောင်းတဲ့သူတွေဟာ အတ္တကြီးတဲ့သူတွေများတယ်။ ကိုယ့်အပေါ်လည်း အချိန်အကြာကြီးမကောင်းပေးနိုင်ပါဘူး။

တစ်ယောက်တည်း နေပျော်လား?

 ဘာဆိုင်လို့တုန်း? ဆိုင်တယ်။ :) တစ်ယောက်တည်းမို့ မပျော်ဘူး။ ချစ်သူလေးတစ်ယောက် အနားမှာရှိမှ ပျော်ဖို့ကောင်းမှာ။ ကိုယ့်ဘာသာတောင် ပျော်အောင်မနေနိုင်တာ။ သူများက ပျော်အောင် လုပ်ပေးနိုင်မယ်မထင်ပါနဲ့။ စိတ်ညစ်စရာတွေတောင်ပေးချင်ပေးဦးမှာ။ လူတစ်ယောက်ဟာ ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်အတွက် အမြဲတမ်း ပျော်ရွှင်စရာတွေ မဖန်တီးနိုင်သလို အချိန်တိုင်းလည်း ဂရုစိုက်မှု အပြည့်မပေးနိုင်ပါဘူး။ မယုံရင် အိမ်ထောင်ကျပြီးသား အသိအစ်မတွေကို မေးကြည့်ကြည့်နော်။ :) ကိုယ့်ရဲ့ စိတ်ပျော်ရွှင်မှု သူများ လက်ထဲ မပုံအပ်ထားတာ အကောင်းဆုံးပါပဲ။

 

Don't attract attention in a wrong way

ကိုယ်ကိုယ်တိုင်က အမြဲတမ်း ဟော့ဟော့လေးတွေ ရွေးဝတ်တတ်သူလား? ကလပ်တို့ ဘားတို့ကို သွားလေ့ရှိသူလား? ကလပ်တို့ ဘာတို့မှာ လူကောင်း မရှိနိုင်ဘူးလို့ ပြောတာမဟုတ်ပါဘူး။ ကိုယ်အပေါ် အလေးမထားတဲ့ ယောက်ျားတွေကို တွေ့ဖို့ ရာခိုင်နှုန်း ပိုများတာကို ပြောချင်တာပါ။ အဲလိုနေရာကို သွားလေ့သွားထ ရှိသူတွေဟာ အပျော်တွဲဖို့လောက်ပဲ ခေါင်းထဲထည့်တဲ့သူတွေ များပါတယ်။ သူများ အမြင်မှာ ကိုယ့်အပြင်အဆင်ရယ်၊ တွေ့တဲ့ နေရာတွေကိုကြည့်ပြီး လွယ်လွယ်ရနိုင်တဲ့ မိန်းကလေးဆိုပြီး အထင်ခံရရင် မကောင်းပါဘူး။

 Perfect ဖြစ်ရန်မလိုပါ

ကိုယ်ဟာ ကိုယ်ပဲ ဖြစ်ပါစေ။ မြတ်ကြည်ပြောတာ ဖတ်တာလည်းဖတ်ပေါ့နော်။ ဟိုလို နေရင် ယောက်ျားလေးတွေ သဘောကျမယ် ဒီလိုဆိုရင် ပိုချစ်မယ်ဆိုပြီး သူအချစ်ခံရအောင် ကိုယ့်ဘဝကြီး ကိုယ့်စိတ်နဲ့ကိုယ် မနေရတာတော့ မဟုတ်သေးဘူး ထင်တာပဲ။ ပြီးပြည့်စုံတဲ့သူဟာလည်း ဘယ်တော့မှမရှိနိုင်ပါဘူး။ ကိုယ့်  ချစ်သူအပါအဝင်ပေါ့။ အကျင့်ဆိုတာ တချိန် မဟုတ် တချိန် ပေါ်လာမှာ။ ကိုယ် ရှာရမယ့်သူက ကိုယ့်အားနည်းချက် ကိုယ့်အကျင့်စရိုက်တွေကို လက်ခံနိုင်မယ့်သူ၊ သူရဲ့  အားနည်းချက်ကိုလည်း ကိုယ်က နားလည်ပေးနိုင်တဲ့ အနေအထားရှိဖို့ပါပဲ။  ယောက်ျားကောင်းတစ်ယောက်ရဲ့  တာဝန်သိမှု၊ သစ္စာရှိမှု၊ သနားကြင်နာမှု ရှိရင် ပြည့်စုံသလောက်ရှိပါတယ်။ 


ကိုယ်လိုချင်တာ ကိုယ်သိပါစေ။

ဒီ relationship မှာ ကိုယ်လိုချင်တဲ့ အချက်တွေ မရှိဘူး မဟုတ်လား? မှန်ကန်တဲ့ လမ်းကြောင်းပြန်ပြင်ဖို့ ဝန်မလေးပါနဲ့။ တချို့မိန်းကလေးတွေက သူတို့ကောင်လေးတွေ သူတို့ အပေါ်မကောင်းဘူးဆိုတာ သိသော်ငြား၊ မထူးဇာတ်ခင်းပြီး relationship ကြီး အဓွန့်ရှည်ဖို့ဆိုပြီး စိတ်ဆင်းရဲခံကြပါတယ်။ ကိုယ့်အပေါ် နိုင်လိုမင်းထက် လုပ်တဲ့သူနဲ့လည်း လက်ထပ်ကြပါရဲ့။ ပြီးတော့ တသက်လုံး စိတ်ဆင်းရဲခံသွားကြလေသတည်းပေါ့။ ပတ်ဝန်းကျင်က ပြောတော့ ပြောကြမှာပါပဲ။ ဒါပေမယ့် ကိုယ့်ဘဝက ကိုယ်နဲ့ပဲဆိုင်တာမို့ အဆင်မပြေနိုင်ဘူးဆိုတာ သိတယ်ဆိုရင် နောက်ဆုတ်ဖို့ ဝန်မလေးကြပါနဲ့နော်။ နောက်ကျတယ်ဆိုတာမရှိပါဘူး။



 လက်ရှိအခြေအနေကိုပဲ ကြည့်ပါ

မိန်းမလည်တွေ ဘာကြောင့် ယောက်ျားကောင်းကောင်းရကြသလဲ? သူတို့က လက်ရှိအခြေအနေကိုပဲ ကြည့်ပါတယ်။ လက်ရှိမှာ သူတို့ လိုချင်တဲ့ အရည်အချင်းရှိရင် ကောက်ဆွဲထားလိုက်တယ်။ ရိုးရိုးသားသား မိန်းမသားတွေလို မကောင်းတဲ့ အချက်ရှိရင် သူ့ကို ငါ ပြောင်းလဲနိုင်မယ်၊ မပြည့်စုံသေးခင် အတူတူကြိုးစားပြီး ပါရမီဖြည့်ပေးမယ့်တို့ စိတ်မျိုးမထားကြပါဘူး။ အနစ်နာခံခဲ့ရတဲ့ မိန်းမသားတွေဟာ ဝေဆာလာတဲ့ အချိန်မှာ ထုတ်ပိုးပြီးသားလေးတွေကို မိန်းမလည်တွေကို ပေးလိုက်ရတာများတယ်။

တန်ဖိုးရှိပါစေ

" ကျော့ကျော့မော့မော့ နေနိုင်ဖို့ ပိုက်ဆံရှိတဲ့ ယောက်ျားရွေးယူစို့" ဆိုတဲ့ အမြင်လည်း ပြောင်းသင့်ပြီ မြင်တာပါပဲ။ ပညာတတ် မိန်းကလေးတစ်ယောက်ဟာ ကိုယ့်ဘာသာကိုယ်ရှာနိုင်နေပြီပဲ။ ပိုက်ဆံပဲရှိပြီး တခြားဘာမှမရှိတဲ့သူနဲ့ တသက်လုံးနေသွားဖို့က လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သရွေ့ ကိုယ်နဲ့အဆင်ပြေတဲ့သူ မတွေ့လည်း စိတ်ညစ်စရာမရှိပါဘူး။


အချစ်လို့သာ ခေါင်းစဉ်တပ်ရတယ်၊ ပြန်ဖတ်ကြည့်တော့ နည်းနည်း pessimistic ဆန်နေသလိုပဲ။ :P မြတ်ကြည် က တော့  တစ်ယောက်တည်းပဲတွဲ တစ်ယောက်တည်းပဲယူမယ်လို့ တွေးထားရင် ချစ်သူမဖြစ်ခင်ကတည်းက အချိန်ယူပြီး စဉ်းစားစေချင်တယ်။ ချစ်သူဖြစ်ပြီးလည်း လက်ထပ်ဖို့ကို တွေးရဦးမှာပဲ။ 

ဒီဆောင်းပါးလေးနဲ့ အစ်မဆန်းထွန်း၊ အစ်မဒိုးကန်၊ ကန်ဒီနဲ့ အသူ ခေါ်ထားတဲ့ challenge တွေကို  နှစ်ပတ် မပြည့်ခင်လေး ပြန်လည်ချေပ လိုက်ပါတယ်နော်။ ^.^

 သာယာပျော်ရွှင်ဖွယ်နေ့ရက်တွေကို လျှောက်လှမ်း နိုင်ကြပါစေရှင်။ <3

 လတ်တလော
Homesick - အိမ်မပြန်တာ တစ်နှစ်ပြည့်တော့မယ်ထင်တယ်








You Might Also Like

15 comments

  1. နှစ်ဦးစလုံးအတွက် အချိန်မလွန်ခင် နောက်မကျခင် စဉ်းစားတာက အကောင်းဆုံးပါ
    ဒါပေမယ့် Perfect ဖြစ်တဲ့သူကတော့ ခပ်ရှားရှားလေ ..
    သူ့မှာ ကိုယ် ခွင့်မလွှတ်နိုင်တဲ့အကြောင်းတွေ မရှိဘူး .. တစ်ယောက်နဲ့တစ်ယောက်က အပြန်အလှန်ချစ်ကြတယ်. နားလည်မှုရှိတယ်.ယုံကြည်မှု၊ သစ္စာရှိတယ်ဆိုရင်တော့ လက်တွဲသင့်တယ်လို့ မြတ် ထင်တယ် ..
    အစ်မမြတ်ကြည်ရေ ပန်းစည်းလေးက တော်တော်လှတယ်တော့...
    ဒါနဲ့လေ ဘယ်တော့ ၀ါကျွတ်မှာလဲလို့ :P

    ReplyDelete
    Replies
    1. ဝါကျွတ်က နောက်နှစ် လောက်ဖြစ်မယ်။ :D

      Delete
  2. အိမ်မှာမဟုတ်ရင်ခုဘယ်မှာလဲ။
    ကိုယ့်အားကိုယ်ကိုးတတ်တဲ့သူနဲ့ ယောက်ျားသားကိုလုံးဝအားကိုးချင်တဲ့သူတွေရဲ့ ရွေးချယ်မှုကမတူနိုင်ဘူးထင်ပါတယ်။
    Balance ဖြစ်အောင်စဉ်းစားရင်ကောင်းတယ်။ အချစ်ကိုတန်ဖိုးထားတဲ့သူကချစ်တဲ့သူကိုပဲရွေးချယ်ချင်ကြတယ်။
    ငွေနဲ့ ဂုဏ်ကိုတန်ဖိုးထားတဲ့သူကတမျိုးစဉ်းစားကြမယ်ထင်တယ်။
    သစ္စာမရှိတဲ့သူကိုတော့ဘယ်တော့မှမစဉ်းစားတာကောင်းမယ်။ ကို်ယ်ပဲခံစားရမှာ။

    ReplyDelete
    Replies
    1. ဟုတ်တယ် မမ။ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူနိုင်ဘူး။ မြတ်ကြည်က တော့ independent ဖြစ်ရတာ ပို သဘောကျတယ်။ အခုက အဖွား နဲ့ အဒေါ်နဲ့ အတူတူ နေနေတာ။ :)

      Delete
  3. တစ်ယောက်တည်း နေပျော်လား?

    ကိုယ့်ဘာသာတောင် ပျော်အောင်မနေနိုင်တာ။ သူများက ပျော်အောင် လုပ်ပေးနိုင်မယ်မထင်ပါနဲ့။ စိတ်ညစ်စရာတွေတောင်ပေးချင်ပေးဦးမှာ။ လူတစ်ယောက်ဟာ ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်အတွက် အမြဲတမ်း ပျော်ရွှင်စရာတွေ မဖန်တီးနိုင်သလို အချိန်တိုင်းလည်း ဂရုစိုက်မှု အပြည့်မပေးနိုင်ပါဘူး။ မယုံရင် အိမ်ထောင်ကျပြီးသား အသိအစ်မတွေကို မေးကြည့်ကြည့်နော်။ :) ကိုယ့်ရဲ့ စိတ်ပျော်ရွှင်မှု သူများ လက်ထဲ မပုံအပ်ထားတာ အကောင်းဆုံးပါပဲ။



    အဟွတ်ရီချင်တော့တာဘဲ ဟုတ် ဟုတ် ဟုတ်လို့ဖြေသွားတယ်ဝေးးးး

    ReplyDelete
  4. အရေပြားပေါ်မှာအသားသီးသေးသေးလေးတွေဖြစ်တာ ဘာဓာတ်လိုလို့လဲ ဆရာမရေ အဲဒါလေးရေးပေးပါ့လား
    လည်ပင်းတို့ ပေါင်တို့ ကျောတို့ ဂျိုင်းတို့မှာဖြစ်တယ် အရေပြားအသီးလေးတွေ အဲဒါလေးရေးပေးပါနော်

    ReplyDelete
    Replies
    1. ဘာဓာတ်မှတော့ မလိုဘူး အစ်မ။ သူက အသားတစ်ခုနဲ့ တစ်ခု ပွတ်တာများတဲ့ နေရာတွေမှာ ဖြစ်တတ်တယ်။ တချို့တွေမျိုးရိုး လိုက်တတ်တယ်။ Human papilloma virus 6 &11 နဲ့လည်း ဆက်စပ်မှုရှိတယ်လည်း ပြောကြတယ်။ ဆီးချိုရှိတဲ့သူတွေနဲ့ သားဥအိမ် အရည်အိတ် တည်တဲ့ polycystic ovary syndrome (PCOS) ရောဂါတွေမှာလည်း တွေ့ရတတ်တယ် အစ်မ။ ဘာ အန္တရာယ်မှ မပေးလို့ စိုးရိမ်စရာမလိုပေမယ့် ခဏခဏ ယားလာလို့ပဲဖြစ်ဖြစ် အမြင်မလှလို့ပဲဖြစ်ဖြစ် ဆရာဝန်နဲ့ တိုင်ပဲပြီး ဖြတ်ထုတ်လို့ရတယ် အစ်မ။

      Delete
    2. အာ့လေ လည်ပင်းမှာသေးသေးလေးတွေစမ်းမိတယ်ပေါ့နော် နောက်ပြီးမျက်ခွံမှာလဲဖြစ်လာတယ်
      နောက် ပေါင်အရင်းမှာတခုတွေ့တော့ စိတ်ပျက်သွားတယ် ဘာဓာတ်လိုတာလဲမသိဘူးပေါ့ နော် အမက cysts တွေဖြစ်နေတဲ့သူ ဆေးရုံပြနေရတာဆိုတော့ ဆရာမပြောသလိုဘဲ အဲဒါတွေကြောင့်နေမှာဘဲနော် . ဘာဓာတ်လိုလို့မှမဟုတ်ဘူး သူ့ဖာသာသူဖြစ်တာဆိုလဲတော်ပါသေးရဲ့ မေမေ့မှာဖြစ်တာတွေ့ဖူးတယ် ခုလည်ပင်းမှာပေါ့ အသီးသေးသေးလေးတွေသုံးလေးခုပေါ့ . သေးသေးလေးတွေပါ မြတ်ကြည်ပြောမှသတိထားမိတယ် ကျေးဇူးအများကြီးတင်ပါတယ်နော်

      Delete
    3. အမကိုးတို့ မြတ်ကြည်တို့ပြောတာ ကြက်ဆူးနဲ့တူလားဟင်။ငယ်ငယ်တုန်းကတံတောင်ဆစ်နားမှာကြက်ဆူးလေးတွေဖြစ်ဖူးတယ်။ဆရာဝန်ဘာဆေးတိုက်လဲဆိုတာတော့မမှတ်မိတော့ဘူး။ငယ်ငယ်ကတည်းကတော့ချူချာတယ်။ခုလဲမျက်စိနာနေပြန်ပြီ။ :(
      Ahthu

      Delete
    4. တူဘူး အသူ၊ မြတ်ကြည်တို့က ကြက်ဆူးကို ကြာဆူးလို့ ခေါ်တယ်။ :D တံတောင်တွေမှာ ဖြစ်တတ်တယ်။ Vitamin A ချို့တဲ့ရင် ဖြစ်တာလေးတွေ။

      Delete