စိတ်ဖြေ

By 6:04 PM


ကျောင်းတုန်းက တစ်ရက် ဆရာမ ဒေါ်မြညွန့် က ဒီကဗျာကို အလွတ်ကျက်ပြီး ပြန်ဆိုဖို့ အိမ်စာပေးလိုက်တယ်။ မြတ်ကြည်က ငယ်ငယ်က စာကျက် အလွတ်မှတ် အရမ်းပျင်းတာ။ ၏ သည် မရွေးဖြေ ရတဲ့ ခေတ်မှာ ကြီးလာတာဆိုတော့ ဘယ်တော့မှ အဆင့် ကောင်းကောင်းမွန်မွန် မရခဲ့ဘူး။ နေ့တဝက်ကုန်သွားတယ်၊ မရဘူး။ ကျက်ရင်းနဲ့ သီချင်းကြီးလို လျှောက်ဆိုရင်းနဲ့ အဲဒီ ကတည်းက ခေါင်းထဲစွဲလာလိုက်တာ အခုထက်ထိပဲ။

 အဲဒီတုန်းကတော့ ဆရာမ အဆူမခံရအောင်ကျက်ခဲ့တာပေါ့နော်။ ဆရာမ စာမေးပြီးလည်း ဆိုမိတုန်းပဲ။ အတန်းတင်ပြီးလည်း နားထဲမယ် ကဗျာလေးကို ပြန်ပြန်ကြားမိတယ်။ ကြိုးစားရင်း အားကုန်နေတဲ့ အချိန် လောကကြီးကို အရှုံးပေးလာချင်တဲ့အချိန်တွေကျရင် ကိုယ့်ဘာသာကိုယ် ကဗျာလေးကို ပြန်ရွတ်မိတုန်းပဲ။ ဒီကဗျာလေးနဲ့ပဲ ဘဝရဲ့  အချိုးအဆစ် အလှည့်အပြောင်းတွေကို အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ခဲ့တယ်။

ထိပ်ဆုံးသို့

တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်
ခါတစ်လေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်းဘူး
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်ပါ့မလား
စခဲ့မိတာပေါ့
တစ်နေ့မှာဆုံးရာ ရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်းအသာဖြေဦး
မာလာငွေကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတစ်သွင် အားအင်သစ်လိုက်ပါ့
ချစ်ဖွယ့် လူသား ။

ငွေတာရီ

ဘဝမှာ စခဲ့တဲ့ အရာတွေက အဆုံးရယ် မရှိသလောက်ပါပဲ။ ဒီ တစ်ခု ကြိုးစားလို အောင်မြင်သွားခဲ့ရင် ကြိုးစားစရာ နောက်တစ်ခုက အလိုလိုပေါ်လာတတ်တယ်။ ကိုယ်ဘယ်နေရာမှာ ရပ်တည်ချင်သလဲပေါ် မူတည်တာပေါ့နော်။ လူဆိုတာက လည်း လောဘက ကြီးသား။ တစ်ခုရသွားပြီဆိုရင် လိုချင်တာနောက်တစ်ခုက ပေါ်လာရော။ ကိုယ် ဒီနေရာမှာရပ်မယ်ဆိုရင် နောက်မှာ ကျော်တက်သွားမယ့် လူတွေ အများကြီးပဲ။

အဲဒီလိုပဲ လုပ်နေလုပ်နေလိုက်တာ စာကျက်လာခဲ့တဲ့နှစ်တွေက အနှစ်၂၀ မက တော့ဘူး။ နောက်လည်း သင်ယူရဦးမှာပဲ။ (တခါတလေတော့လည်း ပင်ပန်းတယ်) ကိုယ်ရခဲ့တဲ့ အောင်မြင်မှုတွေ ပြန်ကြည့်တော့ လက်ချိုးရေလို့ရရုံလေးပဲ။

တခါတလေ တင်းတိမ် ရောင့်ရဲမှုလေးတွေနဲ့ စိတ်အေးချမ်းရာကို ရှာချင်ပေမယ့်၊ အသက်အရွယ် တစ်ခုရောက်လာတဲ့ အခါ အေးအေးချမ်းချမ်းနေနိုင်ပါ့မလား ဆိုတာ စဉ်းစားမိတယ်။ နောက်ဆုံးတော့လည်း ဒီကဗျာလေးကို ရေရွတ်မိရင်း အသစ် ဝယ်လာတဲ့ စာအုပ်ထူထူ တစ်အုပ်ကို လှန်ဖတ်မိလေရဲ့။






(Feeling  ဘာတွေ ရေးနေမှန်းမသိ )

photo credit: Ma Yu Hnin

You Might Also Like

4 comments

  1. တူတူပဲ...မြတ်ကြည်ရေ..တခါတလေ တွေးမိတယ်...ဘာလို့ အပင်ပန်းခံ၊ စိတ်ဒုက္ခတွေ ခံနေပါလိမ့်လို့ ...ဒါပေမဲ့ မြတ်ကြည်ရေ Education can't take away from you..ဒီလိုဟာတွေ ဖတ်ရပြန်တော့လည်း ဒီလိုပဲ ဟိုလှည့်၊ ဒီလှည့်နဲ့  ပြီးသွားမှာပါပဲလေလို့  တွေးမိပြန်ရော...အဲဒီအချိန်ဆို ဆရာဖေမြင့်ရဲ့  မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား၊ မည်သို့ ပင်ဖြစ်စေ စာအုပ်လေးတွေ ဖတ်ရင် စိတ်ဓာတ်ခွန်အားတွေ ရတယ် ကာတွန်းလေးက တကယ်မိုက်တယ်...တောင်တက်တဲ့အချိန်မှာ ငါ့ကို ဘယ်သူမှ မခိုင်း၊ မတို်က်တွန်းဘဲ ကိုယ့်ဒုက္ခကိုယ် ကျင်းတူးပြီး ရှာနေပါလားလို့  တွေးမိတယ်...တောင်ထိပ်လည်းရောက်ရော အလှဆုံးရှုခင်းကို မြင်ရတော့ ပင်ပန်းခံရကျိုးနပ်တယ်လို့  ခံစားရပြန်ရော...Aja Aja Fighting !

    ReplyDelete
    Replies
    1. Thank you Ama San Htun :) Feeling quite relieved now.

      Delete
  2. သင်ယူချင်စိတ်ရှိနေသမျှတန်းတူတွေထဲမှာကိုယ်ကမကျော်ရင်သာရှိမယ်။ နောက်တော့မကျန်ခဲ့တာသေချာတယ်။
    တောင်ထိပ်ကိုရောက်ပြီးမြင်ရတဲ့ရှုခင်းကိုခံစားရသလိုဘဲ
    ကျော်ဖြတ်ရင်းနှီးခဲ့ရတဲ့အတွေ့ အကြုံကြိုးစားမှုတွေက
    ဘ၀ရဲ့ အလှလေးတွေကိုသူများထက်ထူးပြီးခံစားရမှာပါ။
    စာအုပ်ထူကြီးဆက်လှန်လိုက်ပါအုန်းမြတ်ကြည်လေးရေ။း)
    အိုင်အိုရာ

    ReplyDelete
    Replies
    1. စာကျက်ရတာ စိတ်ကုန်နေလို့ အားပြန်ရှိအောင် တင်လိုက်တာ။ စက်တင်ဘာမှာ စာမေးပွဲ တစ်ခု ဝင်ဖြေမလားလို့။ နောက်တစ်ခုက အလုပ်က လာမယ့်လမှာ BLS, ACLS သင်တန်းကြေးပေးပြီး တက်ခိုင်းလို့။ ဂျူတီလည်းဆင်း သင်တန်းလည်းတက် သင်တန်းမှာလည်း စာမေးပွဲဖြေရဦးမယ်။ စက်တင်ဘာအတွက် စာလုပ်ချိန်က ၃ လ ပဲရတာ။ အဲလို။

      Delete