ဖွင့်မပြော သော ကျားတို့မနှစ်သက်တဲ့ အမူအကျင့်များ

By 3:53 PM





ယောက်ျားလေးတိုင်းက သူတို့ မိန်းကလေးတွေကို ချစ်ကြပါတယ်။ အဲဒါကြောင့်လည်း တချက်တလေ ဘဝင်မကျတာရှိပေမယ့် မပြောကြတာပါ။ ကိုယ်ကဘာ အမှားမှ မလုပ်မိပေမယ့် သူက သက်ပြင်းအကြီးကြီးချပြီး ဘာမှမပြောပဲ နေတာ သူတို့ ဂေါက်နေတာ ဟုတ်ချင်မှဟုတ်မယ်။  ယောက်ျားလေးတွေ စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ မသိဆိုးဆိုးမိတဲ့ ကျွန်မတို့ရဲ့ အကျင့်လေးတွေ ကို သတိထားမိအောင် တင်ပေးလိုက်ပါတယ်နော်။


1# ကိုယ့် အချစ်ရေးကို သူများကို ပြောပြတာ

ဘယ်လောက်ပဲ ကောင်းနေတဲ့ relationship ဖြစ်ပါစေ၊ စိတ်အခန့်မသင့်တဲ့ အချိန်မျိုးဆိုတာရှိကြတာပါပဲ။ ယောက်ျားလေးတွေက အဲလိုမျိုးအချိန်တွေမှာ ရေငုံနှုတ်ပိတ်ပြီး နေလိုက်တာများတယ်။ ကျွန်မတို့က ထုံးစံအတိုင်း  ဘေးမှရှိတဲ့သူငယ်ချင်းတွေကို ပြောပြ၊ ခံစားချက်တွေ ဖဘ wall ပေါ်တင် ရင်ဖွင့်ရမှပေါ့သွားတာ မဟုတ်လား? ဒါကို ကိုယ့်အထုပ်ကိုယ်ဖြည်တယ်လို့ သူတို့က ယူဆကြတယ်။ သူတို့သဘောက အခက်အခဲရှိတဲ့ အခါ နှစ်ယောက်ပဲ ညှိမယ်၊ ကြားလူ အကြံဉာဏ်တောင်းစရာမလိုဘူး။ အဲလို။
...

2#  ဂိမ်းဆော့တုန်း စကားသွားပြောတာ

 သူတို့က အာရုံက တစ်ခုဆို တစ်ခုပဲ။ ဦးနှောက်ဖွဲ့စည်းပုံ မတူတော့ ကျွန်မတို့လို ဖုန်းလည်းပြော၊ နှုတ်ခမ်းနီဆိုး၊ တပြိုင်ထဲမှာ ကြိုးသိုင်းဖိနပ်စီး အဲလို မလုပ်နိုင်ကြဘူး။ ဂိမ်းဆိုတာကို အပျင်းပြေဖို့ လောက်သာ ကျွန်မတို့က ဆော့ကြပေမယ့်၊ ဂိမ်းနိုင်တာက သူတို့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုမြင့်စေတဲ့ အောင်မြင်မှုကြီးတရပ်လို့ ယူဆထားကြပြန်တယ်။ ကိုယ်က အဲဒီအချိန်သူ့ကို သွားပြောရင် "ဪ ဪ အင်း အင်း" ကလွဲပြီး ဘာစကား ရေရေရာရာမှ သူ့ဆီက ထွက်လာမှာမဟုတ်ဘူး။ အဲဒီအခါ ကိုယ့်ကို ဂိမ်းလောက်တောင် အလေးမထားဘူး စိတ်မကောင်းဖြစ် ပွစိပွစိပြော၊ သူကလည်း စိတ်ထဲမှာ ဂိမ်းထဲ ပစ်နေတဲ့ လက်နက်ကို ကိုယ့်ဘက်ကို ပြောင်းပစ်ချင်စိတ်ပေါက်နေလိမ့်မယ်။

ဂိမ်းမှမဟုတ်ဘူး။ သူတခြား စိတ်ဝင်တစား လုပ်နေတာတွေဆိုလည်း ထိုနည်း ၄င်းပဲ။
...

3# တခြားသူကို အရေးပေးတာ

သူတို့ရဲ့ သူငယ်ချင်း ယောက်ျားလေးတွေနဲ့ ခင်စေချင်ကြတယ်။ ဒါပေမယ့် ထင်သလောက် သဘောထားမကြီးနိုင်ကြပါဘူး။ အတိုင်းအတာ တခုထိပဲ။ ပေါင်းသင်းဆက်ဆံတတ်လို့ ကိုယ့်ကို သဘောကျတဲ့ စိတ်က သူ့အပေါ် သူ့သူငယ်ချင်းတွေထက် ပို ကောင်းပြနိုင်မှ။ သူငယ်ချင်းတွေ အားကျစေချင်တာလေ။ သူများတွေကို သူ့ရှေ့မှာ သူ့ထက်ပိုပြီး ရင်းရင်းနှီးနှီး ဆက်ဆံမိရင်တော့ ရာဝင်အိုး တုတ်နဲ့သွား ထိုးတာနဲ့ အတူတူပဲ။
...

4# ကိုယ်ပိုင်အချိန်မပေးတာ

တခါတလေ သူတို့အချိန် သူတို့လိုအပ်တယ်။ တချို့အချိန်တွေမှာ ခပ်ခွါခွါနေပြီးဘာမှမလုပ်ပဲ ဒီတိုင်းထိုင် ငေးချင်ရာငေး တွေးချင်ရာတွေး စိတ်အနားယူတတ်ကြတယ်။  ကျွန်မတို့ မိန်းကလေးတွေ မတူတာက ချစ်သူ အနီးနာရှိမှ လုံခြုံနွေးထွေးသလို ခံစားရတာ မဟုတ်လား? အဲဒါကို ဘာဖြစ်နေလဲ ဘယ်လိုဖြစ်တာလဲ ထပ်ခါထပ်ခါသွားမမေးပါနဲ့။  စိတ်ပူလို့ ဂရုသွားစိုက်လေလေ အလိုက်မသိသူကြီးဖြစ်လေပါပဲ။ ပစ်ထားလိုက်ပါ။ သူ့အချိန်စေ့ရင် ပြန်ရောက်လာပါလိမ့်မယ်။
...

5# ဝါသနာကို နားမလည်ပေးတာ

 ကျွန်မတို့ လိုက်မမီတဲ့ ရူးသွပ်မှုတွေ ဘောလုံးပွဲဆို အိပ်ရေးပျက်ခံအားပေးတာတို့၊ ဂိမ်းကို မထတမ်းဆော့တာတို့ကို အသက်ဖြင့်ကြီးနေပြီ ခုထိ ကလေးဆန်တုန်း၊ ရင့်ကျက်တော့ပြောရင်လည်း မကြိုက်ကြပြန်ဘူး။ သူတို့ အတွက်က ရင့်ကျက်တာက ရင့်ကျက်တာ၊ ဝါသနာက ဝါသနာပါပဲ။ ယောက်ျားလေးတွေအတွက် အပြည့်ဝ ရင့်ကျက်တဲ့ အချိန်ဆိုတာ ဘယ်တော့မှ ရှိမလာပါဘူး။
...

6# သူတို့ကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားတာ

မိန်းကလေးတိုင်းက သူ့ချစ်သူကို အရာရာမှာ perfect ဖြစ်အောင် ပြောင်းလဲချင်ကြတာချည်းပဲ။ မြတ်ကြည်အပါအဝင်ပေါ့။ လက်တွေ့မှာ တော်တော်များများသော ယောက်ျားလေးတွေက သူတို့ တကယ်ချစ်ရင် ယောက်ျားကောင်းတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြုပြင် ပေးကြတာပါပဲ။ မိန်းကလေးတွေက သူတို့ကို ပြောင်းလဲပေးတာကို သဘောမကျတာ မဟုတ်ပါဘူး။ အရေးမကြီးတဲ့ ပီစီပါစာ ကိစ္စတွေ  သူမနှစ်သက်တဲ့အရာတွေကို (ဥပမာ။ ။ အပြင်ထွက်တိုင်း ဖုန်းဆက်ရမယ်) ဇွတ်လုပ်ခိုင်းတာက သူတို့ကို စိတ်ပျက်စေတာပါ။။
...

7# မှီခိုလွန်းအားကြီးတာ

အားကိုးတဲ့ မိန်းကလေးတွေဆို ယောက်ျားလေးတွေ သဘောကျတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ကိုယ်က ချေးကအစ သေးက အစ ရီးလေးခိုပြီး " ကိုကိုရေ ကိုကိုရေ" အားကိုးလွန်းရင် သူ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်မှန်း မသိဖြစ်လာပါလိမ့်မယ်။ ယောက်ျားလေးတွေဟာ တချို့ကိစ္စတွေမှာ ကိုယ့်ဘာသာ ဆုံးဖြတ်လုပ်ကိုင်နိုင်တဲ့ မိန်းကလေးတွေကို အထင်ကြီးကြပါတယ်။ သူတို့ကို လုံးဝ ဂရုမစိုက်ပဲ ကိုယ်လုပ်ချင်ရာလုပ်တဲ့ အဆင့်လောက်လည်း မဟုတ်ဘူး။ ကိုယ့်အားကိုယ်မကိုးနိုင်တာ မဟုတ်ပဲ သူ့တို့ကို ချစ်လို့ အားကိုးတာမျိုးပဲ လိုအပ်တာပါ။ သူတို့က Dorminant role ကလည်း လိုချင်သေးတာ မဟုတ်လား?
...

ဒါလေးတွေကို ရှောင်နိုင်ရင် သူ့အတွက် အလိုက်မသိတဲ့ ချီးထုပ် မဖြစ်တော့ဘူးပေါ့။ မူရင်း Big Annoying Girlfriend Habits that Guys Hate ဆောင်းပါးပါ အကြောင်းအရာလေးတွေ ကို ကောက်နှုတ်တင်ပြတာဖြစ်ပါတယ်ရှင်။

သာယာပျော်ရွှင်ဖွယ်နေ့ရက်လေးတွေကို ချစ်ရသူနဲ့အတူပိုင်ဆိုင်နိုင်ကြပါစေနော်။
...

www.facebook.com/thanakharmay


You Might Also Like

10 comments

  1. ဟုတ်ပါ့ ကွမ်းစားနေတုန်းစကားပြောလည်း အင်းအဲကနေ ဘာမှပြန်မရဘူးနော် .. :P ဖေ့ဘုတ်ပီအမ်ကြည့်လိုက်နော်...မက်စိပို့ထားလိုက်မယ် ဟိုကိစ္စပဲး)

    ReplyDelete
    Replies
    1. ဟုတ်ပါ့ ဟုတ်ပါ့။ Thanks for the good news :) <3

      Delete
  2. တော်လိုက်တဲ့ မြတ်ကြည်လေးရယ်.... အချက်တိုင်း ခေတ်ရေစီးကြောင်းနဲ့အံဝင်ဂွင်ကျကွက်တိပါပဲ။
    တီတင့်တို့ခေတ်ကာလတုန်းကတော့ ဂိမ်းမရှိပေမယ့် မြတ်ကြည်လေးပြောခဲ့သလို ဘောလုံးပွဲနဲ့တစ်ခြား အားကစားပွဲတွေပေါ့။
    ဖူးစာပါရင်ချွေးမတော်လာမည့် နန်းကိုမြတ်ကြည်လေးရဲ့ ပို့စ်လေးပေးဖတ်ရမယ် အချက်တိုင်းသိစေချင်တယ်.... (y)

    ReplyDelete
    Replies
    1. ပေးဖတ်လိုက်ရင် စိတ်ပြောင်းသွားလောက်တယ်။ ဟီး :P

      Delete
  3. အင်း တို့မိန်းကလေးတွေဘွကလဲ သူတို့ကိုပဲနားလည်ပေးနေရတယ် :P
    အလကားပြောတာပါ.. သမီးရည်းစားမှမဟုတ်ဘူး။သူငယ်ချင်း၊လုပ်ဖော်ကိုင်ဖက်အချင်းချင်းလဲ တစ်ယောက်ကိုတစ်ယောက်နားလည်မှုရှိမှ၊တစ်ယောက်ရဲ့အားနည်းချက်၊အားသာချက်ကိုနားလည်ဂရုစိုက်ပေးမှပဲ ရေရှည်မှာအဆင်ပြေမယ့် relationship၊ friendshipတစ်ခုကိုရမှာ..
    ပို့စ်လေးကိုသဘောကျလို့ သူငယ်ချင်းတွေကိုရှဲလိုက်တယ်။သူတို့မှာလဲအိလိုအိလိုပြဿနာတွေနဲ့ :D

    ReplyDelete
    Replies
    1. ဟုတ်တယ်။ နားလည်မှုမရှိရင် ဘာမဆို တော်တော်ခက်တာ။ အသူ့ သူငယ်ချင်း အီလိုအီလို တွေလည်း အဆင်ပြေသွားပါစေ။ :)

      Delete
  4. အချက် 4 နဲ့ 6က ကိုယ်နဲ့သိပ်တူနေပါလား ... ကိုယ်ကပြောင်းပြန် ကိုယ့်ကို ဖုန်းခနခနဆက်တာမကြိုက်ဘူး ကိုယ်ပိုင်ချိန်ကိုလာခိုးယူတာမကြိုက်ဘူး... တကယ်ဆို ကိုယ်ကယောက်ျားလေးတစ်ယောက်ဖြစ်ရမှာ ကြည့်စမ်း....း)

    ReplyDelete
    Replies
    1. မမမိုးငွေ့သာ ယောက်ျားလေး ဖြစ်ရင် perfect ပဲ။ တော်တော် ချစ်တတ်မှာ။ :)

      Delete
  5. ဟုတ်သလိုလို မဟုတ်သလိုလိုကြီး။
    ဒါနဲ့
    မ တို့ မနှစ်သက်သော ကျားတို့အပြုအမူများ ရှိရင်လဲ တင်ပေးပါဦး။း)

    ReplyDelete
  6. အရမ်းမှန်တာပဲ မမမြတ်ကြည် :)

    ReplyDelete