နုပျိုလိုလျှင် ရှောင်စေချင်

By 5:22 AM


အတွင်းရောအပြင်မှာပါ လှပ ကျန်းမာတဲ့ အသားအရေပိုင်ဆိုင်လိုပါသလား? ကိုယ့် အသားအရေကို လှတပတဖြစ်အောင် ထိန်းပေးနေတဲ့ ကော်လဂျင်လေးတွေကို ပျက်စီးရာပျက်စီးကြောင်း လိုက်ပြီး ဒုက္ခပေးနေတဲ့ ဒီ လူကြမ်း ၅ ကောင်ကို ရအောင်ရှောင်ကြည့်ပါနော်။


1. ရောင်ခြည် အန္တရာယ်

စိတ်မပူပါနဲ့ ပျိုမေတို့က အပြင်သွားတိုင်း sunscreen သုံးတာပဲကို။ အမှန်က အဲလိုမဟုတ်ဘူး။ :D Sunscreen က ခရမ်းလွန်ရောင်ခြည် (UV) ကိုပဲ ကာကွယ်ပေးပါတယ်။ ကျန်တဲ့ ၈၀% က အနီအောက် ရောင်ခြည်၊ တခြား မြင်နိုင်တဲ့ ရောင်ခြည်တွေ ကို မကာပေးပါဘူး။ နေရောင်ထိတဲ့ အသားအရေမှာ ဓာတ်တိုးစေတဲ့ ပစ္စည်းတွေ စုလာပြီး ကော်လဂျင်ကို စဖျက်တော့တာပါပဲ။ ဒါကြောင့် အပြင်ထွက်မယ်ဆို sunscreen အပြင်၊ နေကာတို့၊ ဦးထုပ်တို့လည်း လိုအပ်ပါတယ်။ ပြီးတော့ နေရောင်ခြည် ထိတွေ့မှူကြောင့်ဖြစ်လာမယ့် ဓာတ်တိုးပစ္စည်းတွေကို တိုက်ဖျက်ပေးမယ့် ဓာတ်တိုး ဆန့်ကျင်ပစ္စည်း lutein, zeaxanthin ကြွယ်ဝတဲ့ အစာတွေလည်း ရွေးစားပေးနိုင်ပါတယ်။ ဥပမာ။ ။ အစိမ်းရင့်ရောင် အသီးအရွက်တွေဖြစ်တဲ့ ကိုက်လန်၊ ဟင်းနုနွယ်၊ အဝါရောင်ရှိတဲ့ ငရုပ်ပွ၊ မုန်လာဥနီ။

2. Chemicals

 ကော်လဂျင်ကို ဒုက္ခလိုက်ပေးနေတဲ့ ဓာတ်တိုးပစ္စည်းတွေ ဘယ်ကရ သလဲဆိုရင် လူတွေဖန်တီးတဲ့ chemical တွေကပါ။ အထူးသဖြင့် ဆေးလိပ်မီးခိုး။ ဒါကြောင့် ဆေးလိပ်သောက်ခြင်းကိုလည်း ရှောင်၊ ကိုယ့်အနားမှာဆေးလိပ် လာသောက်နေလည်း ဝေးဝေးမှာ သွားနေလိုက်ပါ။ ဓာတုဆိုးဆေးတွေပါတဲ့ အစားအသောက်တွေရှောင်ပြီး ဓာတ်မြေဩဇာကင်းတဲ့ သဘာဝကျကျ စိုက်ပျိုးထား၊ ဖန်တီးထားတဲ့ အသီးအနှံတွေ၊ အလှကုန် အသုံးအဆောင်တွေကို ဦးစားပေးပါ။

3. ကစီနဲ့ သကြား

ကစီနဲ့ သကြား မှာပါတဲ့ glucose က သူ့ဟာသူ အေးအေးဆေးဆေးမနေပဲ ကော်လဂျင် အမျှင်တွေကို လိုက်ကပ်၊ ကပ်ပါများတော့ လေးလာပြီး ပြိုကျ။ အကယ်၍ ပျိုမေတို့ဟာ ချို မှ ချို၊ စိမ့် မှ စိမ့်၊ အသင့်စား အစားအသောက်တွေကို သဘောကျတယ်ဆိုရင် သူများတွေထက် အမြန်နှုန်း ၂ ဆနဲ့ အိုလာ ရင့်လာ မှာကို ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်

4. Stress

အမေရိကန် သမ္မတ မဖြစ်မှီနဲ့ လေးနှစ်တာကာလ အပြီး ပုံကို နှိုင်းယှဉ်ကြည့်ရင် စိတ်ဖိစီးမှူက လူကို ဘယ်လောက် အိုစာစေသလဲဆိုတာ သိနိုင်ပါတယ်။ (တို့များ အဘ တောင် တော်တော် အိုသွားသလိုပဲ) Stress ကြောင့် ကျန်းမာရေးမှာ ချို့ယွင်းမှူတွေ ဖြစ်ပေါ်စေသလို၊ လူကိုလည်း ပိုပြီး အိုမင်းသွားစေပါတယ်။ စိတ်ဖိစီးမှူတစ်ခုရဲ့ အောက်မှာ ဆဲလ်တွေဟာ မြန်မြန်ပွါး၊ မြန်မြန်သေကြပါတယ်။ ဒါကြောင့် မိမိမှာ စိတ်ဖိစီးမှုတစ်ခုရှိလာပြီဆိုရင် တရားထိုင်တာတို့၊ အသက်ရှူလေ့ကျင့်ခန်း လုပ်ပြီး စိတ်အေးအောင်ထားတာတို့ ပြုလုပ်ပေးသင့်ပါတယ်။

5. အရက်

 အရက်ကို တော်ရုံသင့်ရုံ သောက်တာက နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ ဒါပေမယ့် လိုသည်ထက်ပိုသောက်ရင်တော့ အသားအရေက ရေဓာတ်ကို ခမ်းခြောက်စေပြီး၊ ကော်လဂျင်ဖြစ်ပေါ်စေတဲ့နေရာမှာ အထောက်အကူပေးတဲ့ ဗိုက်တာမင် အေ ပမာဏကို လျှော့ကျစေတာမို့ ခန္ဒာကိုယ်မှာ ရှိတဲ့ အဆိပ်အတောက်တွေကို လုံလုံလောက်လောက် မဖယ်ရှားပေးနိုင်တော့ပါဘူး။ တခါတလေမှာ ဝိုင်လေး တခွက်တလေသောက်ပေးပြီး အလွန်အကျွံမဖြစ်အောင် ထိန်းသောက်မယ်ဆိုရင် သင့်အသားအရေကတောင် သင့်ကို ကျေးဇူးတင်နေမှာပါ။

 Notes: How our skin works




 အရေပြားကို အနီးကပ်ချဲ့ကြည့်ရင် ရေမြှုပ်အပါးစကို တစ်ဘက်က ရေမဝင်နိုင်တဲ့ ပလပ်စတစ် ပြားပါးပါးတစ်ခုနဲ့ကာထားတာနဲ့တူပါတယ်။ အဲလိုအပြင်ကကာထားတဲ့ မာမာအလွှာကို epidermis လို့ခေါ်ပါတယ်။ ဆဲလ်လေးတွေ ဖဲချပ်အစီအရီထပ်သလို ထပ်ထားတာပေါ့နော်။ အထဲက ပွစိစိနဲ့အလွှာမှာတော့ အပေါ်ယံအလွှာကို အထောက်အခံပေးမယ့် လူတွေအပြောများနေတဲ့ ကော်လဂျင် (collagen) တွဲဆက် တစ်သျှူးးတွေနဲ့ သွေးကြောမျှင်လေးတွေ တည်ရှိတဲ့ dermis ဆိုတဲ့ ရေမြုပ် မွေ့ရာ  အလွှာရှိပါတယ်။

အသားရေကောင်းတယ် မကောင်းဘူးဆိုတဲ့ အချက်ဟာ အောက်မှာရှိတဲ့ dermis အလွှာပေါ် အဓိက မူတည်တာပါ။ အပြင်အရေပြားအလွှာ ခြောက်တယ်၊ တွန့်တယ်၊ ပါးတယ်ဆိုတာကလည်း အောက်မှာရှိတဲ့ ကော်လဂျင်နဲ့ သွေးကြောတို့ရှိတဲ့ dermis အလွှာတွေ ဖျက်စီးခံရလို့ပါပဲ။

၂၀၁၂ တစ်နှစ်ထဲမှာတင် အသားရေထိန်းသိမ်းတဲ့ အလှကုန်တွေ၊ anti-aging လိုးရှင်းတွေ၊ ခရင်မ်တွေကို ငွေကြေး ၄၅၀ ဘီလီယံထိအောင် ကမ္ဘာတဝှမ်းက သုံးစွဲကြပါသတဲ့။ လူတွေမသိသေးတဲ့ စိတ်မကောင်းစရာ အချက်က အဲဒီ အသားရေထိန်းသိမ်းတဲ့ အလှကုန်တွေဟာ အသားအရေကို အိုမင်းတာကို ထိရောက်စွာ တားဆီးနိုင်တဲ့ အာနိသင် အနည်းငယ်သာရှိပြီး (တချို့ဆို မရှိ)  အိုမင်းခြင်းအရိပ်အရောင်တွေကို အပေါ်ယံသာ ဖုံးအုပ်ပေးနိုင်တာပါ။ မျက်နှာကို ခဏတာသာ တင်းရင်းစေမှာဖြစ်ပြီး အသားအရေအောက်အလွှာထိ ကောင်းလာအောင်၊ အာဟာရပြည့်လာအောင် မလုပ်ဆောင်ပေးနိုင်ကြပါဘူး။ အသားအရေထိန်းသိမ်းတဲ့ အလှကုန်တော်တော်များများဟာ ကော်လဂျင်ပါတယ်ဆိုတဲ့ ခရင်မ်များ ဖြစ်သည့်တိုင် အရေပြားအောက်လွှာအထိ မဖောက်နိုင်ကြတာ အမှန်ပါပဲ။

ဒီဆောင်းပါးလေးကို Dr. William Rawls  ရေးသားတဲ့ 5 Things you need to avoid if you want radiant and youthful skin မှ ကောက်နှုတ်ထားတာဖြစ်ပါတယ်ရှင်။ 

 စာဖတ်သူအားလုံး အလှတွေ ပိုနိုင်ကြပါစေရှင်။
http://www.facebook.com/thanakharmay

ခွင့်ပန်ချက်

မြတ်ကြည် ဘာသာပြန်ထားတဲ့ ဆောင်းပါးလေးတွေကို ရှယ်မယ်ဆိုရင် ( ♫ ခွင့်မတောင်းပေမယ့်... ရပါတယ် ♫ ဒန့်တန်တန် ♫) သို့ပေမယ့်လည်းပေါ့လေ... credit လေးဖြစ်ဖြစ်တော့ ပေးစေချင်တာပေါ့နော်။ ဒီလိုပဲ မြတ်ကြည်ရေးခဲ့တာလေးတွေ ဟိုနေရာမှာတွေ့တွေ့ ဒီနေရာမှာတွေ့တွေ့ ပြီးတော့ ဘလော့နာမည်လေးတောင် ပါမလာတော့ စိတ်မကောင်းဖြစ်လို့။ မူရင်းအတိုင်း share လုပ်ပေးတဲ့ စာဖတ်သူများ မပါပါနော်။ တချို့က အပိုဒ်လိုက်ကူးပြီး စာရေးသူ နေရာကျမှ မေ့ပြီး သူတို့နာမည် တပ်တပ်ကုန်လို့။


နှစ်သစ်ကို လူသစ် စိတ်သစ်နဲ့ လန်းဆန်း ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေရှင်။

You Might Also Like

4 comments

  1. ပေးတဲ့ဆုနဲ့ ပြည့်ချင်ပါတယ်မြတ်ကြည်လေးရေ။း)
    အိုင်အိုရာ

    ReplyDelete